ဖေဖော်ဝါရီလ ၁၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးသထူခရိုင်၊ တပ်မဟာ (၁)နယ်မြေ၊ သထုံမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက် လာသည့် စစ်ကောင်စီတပ်များသည် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ထုံးဘိုကြီးကျေးရွာထဲသို့ ဝင်ရောက်ကာ ဒေသခံရွာသား ၃ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကေအဲန်ယူက ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။
ဝီယော်စခန်းမှ စတင်ထွက်ခွာလာသည့် စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ−၈) လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ−၄၀၉) တပ်ဖွဲ့ ဝင်များသည် ထုံးဘိုကြီးကျေးရွာထဲသို့ ဝင်ရောက်ရာတွင် အသက် (၆၃) နှစ်ရှိ ဦးအောင်ဆန်း၊ အသက်( ၅၀)နှစ်ရှိ စောမောင်ပေ နှင့် အသက် (၄၀)နှစ်ရှိ စောဖိုးသက်တို့ကို လူသားဒိုင်း အဖြစ်အသုံးပြုဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး နောက်တစ်ရက်တွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း ကေအဲန်ယူ ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကေအဲန်ယူ တပ်မဟာ (၁) နယ်မြေတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်မှစ၍ ၁၁ ရက်နေ့အထိ စစ်ကောင်စီ၏ အမြှောက်တပ် (အမတ−၃၁၄) နှင့် (အမတ-၄၀၂)တို့မှ ပြည်သူများ နေထိုင်ရာ ကျေးရွာထဲသို့ လက်နက်ကြီး အလုံး ၂၀ ခန့်ပစ်ခတ်ရာတွင် သထုံမြို့နယ်ရွှေရောင်ပြကျေးနယ် ဒေါက်ရပ်ကျေးနယ်နှင့် ဆူးအင်း ကျေးနယ်ရှိ ကျေးရွာများအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူများ၏ လုပ်ငန်းခွင်စိုက်ပျိုးခြံများ ထိခိုက်ပျက်စီးခဲ့ ကြောင်းလည်း ကေအဲန်ယူက ထုတ်ပြန်ထားသည်။
ထို့အပြင် ပြီးခဲ့သည့် ဇန်နဝါရီလကလည်း စစ်ကောင်စီတပ်စခန်းများမှ သထုံမြို့နယ် အုပ်ချုပ်မှုနယ်မြေရှိ အရပ် သားပြည်သူများနေရာသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ကျုံမိန်နှင့် ကော့လှိုင်းရွာ၊ လေးကုန်းကျေးရွာများရှိ အိမ်ခြေ (၈၂)အိမ်မှ လူဦးရေ စုစုပေါင်း (၃၈၂)ဦး ထွက်ပြေး တိမ်းရှောင်နေရကြောင်း ကေအဲန်ယူ ဗဟိုက ထုတ်ပြန်ထားသည်။
အလားတူ ကေအဲန်ယူ တပ်မဟာ (၁) နယ်မြေရှိ ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်၏ တပ်ရင်းစခန်းများမှ လက်နက်ကြီးပစ်ခတ်မှုများနှင့် လေကြောင်းမှဗုံးကြဲတိုက်ခိုက်နေခြင်းများကြောင့် ဒေသခံအရပ်သားပြည်သူ တချို့ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေသည့်အပြင် ထိခိုက်သေဆုံးမှုများလည်းရှိနေကြောင်း နယ်မြေခံ ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။



















