Home သတင်း ကျိုက်ဒုံမြို့အနီးတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းအပါအဝင် နေအိမ် အဆောက်အဦးများ ထိခိုက်ပျက်စီး

ကျိုက်ဒုံမြို့အနီးတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းအပါအဝင် နေအိမ် အဆောက်အဦးများ ထိခိုက်ပျက်စီး

627
Photo- CJ

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ တပ်မဟာ(၆) နယ်မြေ၊ ကော့ကရိတ် မြို့နယ်၊ ကျိုက်ဒုံမြို့အနီးရှိ ကျေးရွာသို့ စစ်ကောင်စီတပ်က ယနေ့ ဖေဖော်ဝါရီ လ(၁)ရက်နေ့ နံနက် (၁)နာရီခွဲအချိန်ခန့်တွင် ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်သည့်အတွက် စာသင်ကျောင်းအပါအဝင် နေအိမ်အဆောက်အဦးအချို့ ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံထံမှ သိရ သည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ကျိုက်ဒုံမြို့အနီးရှိ မိတန်ကျေးရွာ ရေငတ်ကုန်း စာသင်ကျောင်းနှင့် ကျောက်ပန်းဖြူ (လုံဖော့အွာ)ကျေးရွာရှိ လူနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံ တစ်ဦးက ယခုလို ပြောသည်။

“ ညက လေယာဉ်နဲ့လာပစ်တော့ စာသင်ကျောင်းတို့ အိမ်တို့ထိတာရှိတယ်။ တော်သေးလို့ လူတွေက စစ်ရှောင်ကြတော့ လူတွေမထိခိုက်တာ။ ဒီနေရာတွေကလည်းလက်နက်ကြီးပစ်မှတ်နေရာလို ဖြစ်တယ်။ ကျိုက်ဒုံတပ်ကုန်းကနေ ခဏခဏ လက်နက်ကြီးပစ်တာရှိတယ်။ တော်သေးလို့ လူတွေကြို တင်ရှောင်ထားတာ လူတွေထိခိုက်တာတော့မရှိဘူး။”ဟု ထိုဒေသခံက ကေအိုင်စီသို့ပြောသည်။

Photo- CJ

ယမန်နေ့ညက ကျိုက်ဒုံမြို့အနီးတွင် လက်နက်ကြီး လက်နက်ငယ် ဆက်တိုက်ပစ်ခတ်မှုရှိသလို ဖုန်းလိုင်းများလည်း ဖြတ်တောက်ခံရထားကြောင်းလည်း ဒေသခံ၏ ပြောဆိုချက်အရ သိရသည်။

တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်ကြသည့် ကျိုက်ဒုံ၊ မိတန်၊ မိနန်းအပ်နှင့် ပူးရေးကျေးရွာရှိ ဒေသခံရွာသားများသည် ပြီးခဲ့သည့် ဇန်နဝါရီလ တတိယအပတ်ကတည်းက ဘေးလွတ်ရာနေရာများသို့ ကြိုတင်တိမ်းရှောင်ကာ မြို့ထဲရှိ စျေးဆိုင်ကြီးအချို့လည်း ကုန်ပစ္စည်းများကြိုတင်ပြောင်းရွှေ့ထားခြင်းရှိသည်ဟု သိရသည်။

လက်ရှိအချိန်တွင် တိုက်ပွဲဆက်တိုက်ဖြစ်ပွားသည့်အတွက် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မ တော် -KNLAနှင့် တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ ကျိုက်ဒုံမြို့အတွင်း ပြည်သူလူထုများ ဖြတ်သန်း သွားလာခွင့်ကို ယာယီပိတ်ထားလိုက်ကြောင်း ဒေသခံများက ပြောသည်။