ဖေဖော်ဝါရီလ ၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် မြလဲကျေးရွာအုပ်စု၊ ဒေါဆီအီကျေးရွာရှိ စစ်ရှောင်ကလေးငယ်များ ပညာသင်ကြား နေသည့် စာသင်ကျောင်းကို ယနေ့ နံနက် (၁၀) နာရီဝန်းကျင်တွင် စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၅၀၀) ဗုံးသီးဖြင့် တိုက်ခိုက်ခဲ့မှုလုပ်ဆောင်သောကြောင့် ကလေးငယ် ၄ ဦးသေဆုံးပြီး ၁၀ ဦးထိခိုက်ဒဏ်ရာရရှိ သည်ဟု Karenni Nationalities Defense Force-KNDF က တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြလဲကျေးရွာအုပ်စု ဒေါဆီအီကျေးရွာရှိ စစ်ဘေးရှောင်ကလေးငယ်များ ပညာသင်ကြနေသည့် စာသင်ကျောင်း ကို စာသင်နေချိန်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ပေါင်(၅၀၀)ဗုံးသီးဖြင့် ကျောင်းပေါ်တည့်တည့်ဗုံးကြဲတိုက် ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KNDF ၏ ပြန်ကြားရေးတာဝန်ခံ စောတာအဲစိုးက ကေအိုင်စီသို့ ယခုလို ပြောသည်။

“ ဒီမနက်အစောပိုင်း ကလေးငယ်တွေစာသင်ချိန်မှာ စစ်ကောင်စီဘက်က လေကြောင်းနဲ့ လာရောက် တိုက်ခိုက် တဲ့အတွက် စာသင်ကျောင်းမှာ စာသင်နေတဲ့ ကလေးသူငယ်(၄)ဦးပေါင် ၅၀၀ ဗုံးထိပြီးတော့ တစ်ခါ တည်း သေဆုံးသွားတယ်။ ဆယ်ဦးလောက်က ဒဏ်ရာတွေရသွားတယ်။ စာသင်ကျောင်းတည့်တည့်ကို လာပြီးတော့ ပေါင်(၅၀၀)ဗုံးနဲ့ ကြဲချသွားတာဖြစ်ပါတယ်။” ဟု ၎င်းက ပြောသည်။
အဆိုပါ စာသင်ကျောင်းတွင် သူငယ်တန်းမှ နဝမတန်း (၉)တန်းအထိ ကလေးငယ်ပေါင်း (၁၀၀) ကျော် စာသင်ကြားနေပြီး ယခုလို ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားသည့် ကလေးငယ်များအပြင် ထိခိုက် ဒဏ်ရာရရှိသူများကို သက်ဆိုင်ရာနယ်မြေခံအဖွဲ့အစည်းများက ကယ်ဆယ်ရေးလုပ်ဆောင်ကာ ဆေးကုသမှု ပြုလုပ်ထားကြောင်းလည်း နယ်မြေခံ တာဝန်ရှိသူများက ပြောသည်။

ယခုလို ဖြစ်စဉ်နည်းတူ ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ(၁၆)ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ဒီပဲ ယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာအလယ်တန်းကျောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ လေကြောင်းဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့သောကြောင့် ဒေသခံကလေးငယ် (၁၁)ဦးအပါအဝင် အရပ်သားပြည်သူ (၁၃)ဦးသေ ဆုံးခဲ့သည့် ဖြစ်စဉ် ဖြစ်ပေါ်ခဲ့သေးသည်။
ယခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင်လည်း ကရင်အမျိုးသားအစည်းအရုံး-KNU တောင်ငူခရိုင်( တပ်မဟာ(၂) နယ်မြေ)၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသ မိုင်းလွန်ကျေးရွာအနီးတွင် စစ်တပ်က လေကြောင်းနှင့် လက်နက်ကြီးသုံး တိုက်ခိုက်မှုလုပ်ဆောင်သည့်အတွက် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ (၄)ဦး သေဆုံးခဲ့သေးကြောင်း ကေအဲန်ယူက ထုတ်ပြန်ထားသည်။



















