Home သတင်း KNU တပ်မဟာ (၅) နယ်မြေတွင် လဝက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးသေဆုံး

KNU တပ်မဟာ (၅) နယ်မြေတွင် လဝက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးသေဆုံး

948
Photo: KNU Mutraw News

ဖေဖော်ဝါရီလ ၁၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၅) နယ်မြေတွင် ဖေဖော်ဝါရီလဝက်အတွင်း ဖြစ်ပွားသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် အကြားတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၁၇ ဦးသေဆုံးပြီး ၃၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မူတြော်ခရိုင်သတင်းစဉ်က ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ၊ လဝက်အတွင်း တိုက်ပွဲပေါင်း ၄၅ ကြိမ်ဖြစ်ပွားမှုအတွင်း သေဆုံးခဲ့သည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် စာရင်းထဲတွင် တပ်ခွဲမှူးတစ်ဦးပါဝင်ကြောင်း၊ KNLA ပူး ပေါင်းတပ်ဘက်မှ လည်း ၇ ဦးထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးမှုမရှိခဲ့ကြောင်း မူတြော်သတင်းစဉ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ကေအဲန်ယူ တပ်မဟာ (၅) နယ်မြေတွင် ဝင်ရောက် တပ်စွဲထားသည့် စစ်ကောင်စီ၏ ခြေမြန် တပ်ရင်း (ခမရ-၃၄၉)မှတပ်ဖွဲ့ဝင်များ တပ်စခန်းစွန့်ခွာသွားကြပြီး နီးစပ်ရာ ဗျူဟာတပ်မများနှင့် ပြန်လည်ပူးပေါင်းသွားမှုရှိကြောင်းလည်း မူတြော်ခရိုင်သတင်းစဉ်က ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် သတင်းထုတ်ပြန်ထားခဲ့သေးသည်။

ပြီးခဲ့သည့် ဇန်နဝါရီလတွင်လည်း KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား နှစ်ဖက် တိုက်ပွဲပေါင်း (၈၉) ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ (၄၁) ဦးသေဆုံးကာ (၄၁) ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းလည်း မူတြော်ခရိုင်သတင်းစဉ်၏ လစဉ်ထုတ်ပြန် ချက်အရသိရသည်။

မူတြော်ခရိုင်အတွင်း အခြေချလှုပ်ရှားသည့် စစ်ကောင်စီတပ်က ၎င်းတို့တပ်ရင်းစခန်းကုန်းများမှ ပြည်သူလူထုနေထိုင်ရာ ကျေးရွာထဲမှ စိုက်ပျိုးမွေးမြူးရေး လုပ်ငန်းခွင်များ၊ တောင်ယာစိုက်ခင်း နှင့် လူနေအိမ်များသို့ လက်နက်ကြီးပစ်ခတ်နေမှုများ လုပ်ဆောင်နေခြင်းကြောင့် ပြည်သူများလုပ်ကိုင်စား သောက်နေသည့် လုပ်ငန်းခွင်များ လူနေအိမ်များ ပျက်စီးမှုများ ရှိနေကြောင်း စစ်ဘေးရှောင် ကူညီသူများက ပြောသည်။