ဖေဖော်ဝါရီလ ၁၀ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီ အားကိုးအားထားပြုရသည့် ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်(BGF) အနေဖြင့် စစ်ကောင်စီထံမှ ရိက္ခာနှင့်လစာများမယူတော့ဘဲ သီးခြားရပ်တည်သွားရန် ဆုံးဖြတ်ချက်အပေါ် စစ်ကောင်စီ၏ ထိပ်ပိုင်းခေါင်းဆောင်၏ ညှိနှိုင်းမှုအဆင်မပြေသေးသည့်နောက်ပိုင်း ပြည်နယ်မြို့တော် ဖားအံတွင် စစ်ကောင်စီမှ ကာကွယ်ပြင်ဆင်မှုများ သိသိသာသာလုပ်ဆောင်လာသည်ဟု မျက်မြင် တွေ့ရှိသည့် ဒေသခံများက ပြောပြလာသည်။
မြို့၏ အရေးပါသည့် စစ်ကောင်စီရုံးများ အခြေစိုက်ရာ နေရာများ၊ စစ်တပ်စခန်းနှင့် ရဲစခန်းနေရာများ တွင် ဘန်ကာအခိုင်အမာတည်ဆောက်လာသလို မြို့အဝင်လမ်းများတစ်လျှောက်တွင် ယခင်ကထက် စစ်ဆေးတင်းကြပ်လာမှုများ ပြုလုပ်လာသည်ဟု ဖားအံ-လှိုင်းဘွဲမြို့ကို ကုန်စည်ရောင်ဝယ်သည့် ကုန်သည် ယာဉ်မောင်းတစ်ဦးက ပြောသည်။
၎င်းက “အခု လှိုင်းဘွဲကနေ ဖားအံသွားတဲ့ လမ်းမှာ တောက်လျှောက်စစ်တယ်။ အရင်ကထက် နည်း နည်း ပိုကြပ်လာတယ်။ မှတ်ပုံတင်တွေပါ ယူစစ်တယ်။ ကားပေါ်မှာ လူများတာတွေ့ရင် ပိုစစ်တယ်။ မြို့ထဲမှာဆိုလည်း ဘန်ကာတွေ ပိုလုပ်လာတယ်။ အခြေအနေက အရမ်းသိသာလာတယ်” ဟု ပြောသည်။
BGF အနေဖြင့် သီးခြားရပ်တည်သွားမည်ဆုံးဖြတ်ချက်အပေါ် ပြန်လည်စဉ်းစားဆုံးဖြတ်ရန် စစ် ကောင်စီ၏ ဒုတိယခေါင်းဆောင် ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုယ်တိုင် လာရောက်ညှိနှိုင်းခဲ့သော်လည်း ညှိနှိုင်းမှုအဆင်မပြေသေးသလို BGF အနေဖြင့် စစ်ကောင်စီနှင့် ပူးတွဲအခြေစိုက်တပ်စွဲရာနေရာများ၊ လုံခြုံရေးကင်းနေရာများတွင် ၎င်း၏တပ်ဖွဲ့ဝင်များကို ပြန်လည်ရုပ်သိမ်းထားသည်။
ထိုသို့ ရုပ်သိမ်းထားသည့် တပ်ဖွဲ့ဝင်များကို ၎င်းတို့ အခြေစိုက်ရာ စခန်းနေရာများ၊ ကျေးရွာများ၊ ခေါင်း ဆောင်နေအိမ်များတွင် ပြန်လည်နေရာချထားပြီး ဘန်ကာများ၊ ဆက်သွယ်ရေးမြောင်းများနှင့် ကင်း တဲများကို အခိုင်အမာတည်ဆောက်ထားကာ လုံခြုံရေးကို အထူးချမှတ်ထားကြောင်း မျက်မြင် တွေ့ရှိသည့် ဒေသခံတစ်ဦးက ယခုလိုပြောသည်။
“အခု ဗိုလ်ချစ်သူနေတဲ့ ကြာအင်းရွာအဝင်လမ်းမှာ တော်တော်လေးကို ပြင်ထားတယ်။ ဟိုတစ်ရက်က အဲ့ကို ဖြတ်သွားတော့ သူကိုယ်တိုင် ဦးဆောင်ပြီး စစ်သားတွေ တစ်ရာလောက်ရှိမယ်။ သဲအိတ်တွေ ထည့်တာ၊ ဘန်ကာတွေ အသေအချာကို လုပ်ထားတယ်။ မြောင်းတွေလည်း ဖောက်ထားတာတွေ့တယ်” ဟု ထိုဒေသခံက ကေအိုင်စီသို့ ပြောသည်။
အလားတူ လှိုင်းဘွဲ-ဖားအံမြို့သွားသည့် လမ်းတစ်လျှောက်တွင် ယခင်က BGF ဂိတ်စခန်းအချို့ နှင့် စစ် ကောင်စီ၊ BGF ပူးပေါင်း၍ စစ်ဆေးနေသည့် ဂိတ်စခန်းတချို့ ရှိသော်လည်း လက်ရှိတွင် စစ်ကောင်စီ တပ်နှင့် ၎င်း၏ လက်အောက်ရဲတပ်ဖွဲ့ဝင်များသာ စစ်ဆေးမှုများပြုလုပ်နေသည်ဟုလည်း အဆိုပါ ဒေသခံက ဆက်ပြောသည်။
နှစ်ဘက်တွေ့ဆုံညှိနှိုင်းမှုအတွင်း စစ်ကောင်စီဘက်မှ BGF အား ၎င်းတို့၏ ဆုံးဖြတ်ချက်ကို ပြန်လည် စဉ်းစားဆုံးဖြတ်ပြီး တစ်ပတ်အတွင်း အဖြေပေးသွားရန် ညှိနှိုင်းပြောဆိုခဲ့သည်ဟု BGF နှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။
အမည်မဖော်လိုသူ BGF နှင့် နီးစပ်သူ တစ်ဦးက “သူတို့ပြောတာက တစ်ပတ်လောက်အချိန်ပေးမယ်ပေါ့။ အဲ့အချိန်အတွင်း အဖြေပြန်မပေးနိုင်ရင်တော့ ဘာဆက်ဖြစ်မလဲ မသိဘူး။ လောလောဆယ် BGF ဘက်က ပြောတာကတော့ ဒီ ၁၀ ရက်အတွင်း စောင့်ကြည့်ပေါ့နော်။ တစ်ခုခုတော့ ထူးလာလိမ့်မယ်” ဟု ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းက ကေအိုင်စီသို့ ပြောဆိုခဲ့သည်။
သို့သော် လတ်တလောတွင် နှစ်ဖက်ညှိနှိုင်းဆွေးနွေးနေဆဲကာလဖြစ်ပြီး BGF အနေဖြင့် ၎င်းတို့ ဆုံးဖြတ် ထားသည့်အတိုင်း ဆက်လက်ရပ်တည်သွားမည်ဖြစ်သလို မည်သည့်ဘက်မှ မပါဘဲသီးခြားရပ် တည်မည်ဟု အဖွဲ့၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူက သတင်းမီဒီယာများနှင့် ပြုလုပ်သည့် ဆက်သွယ်မေးမြန်းထားသော အင်တာဗျူးတွင် ပြောဆိုထားသည်။
ထို့အပြင် စစ်ကောင်စီအနေဖြင့် စစ်ရေးနည်းအရ တုန့်ပြန်လာမည်ဆိုပါက ၎င်းတို့အနေဖြင့် ပြည်သူ လူထုအပေါ် ကျရောက်လာမည့် ဘေးအန္တရာယ်များကို အကာကွယ်ပေးသွားမည်ဖြစ်ကြောင်းလည်း ၎င်း၏ အင်တာဗျူးတွင် အတိအလင်း ပြောဆိုထားသည်။
ယခုလို BGF ဘက်မှ ပြတ်ပြတ်သားသား ပြောဆိုလုပ်ဆောင်လာမှုများကြောင့်ပင် စစ်ကောင်စီ အနေဖြင့် မြို့ပေါ်လုံခြုံရေးအတွက် အထူးသတိထား လုပ်ဆောင်လာနေသလို စစ်ရေး ပြင်ဆင်မှုများ၊ စစ်အင်အား ဖြည့်တင်းမှုများပါလုပ်ဆောင်လာခြင်းဖြစ်သည်ဟု သိရသည်။
ထို့အတူ တလကျော်ကြာ တိုက်ပွဲပြင်းထန်နေသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ် PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား ကော့ကရိတ်မြို့ပေါ်တိုက်ပွဲတွင်လည်း ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဘက်မှ အပြင်းအထန် ခုခံကာကွယ်တိုက်ခိုက်နေသည်ဟု စစ်ရေး သတင်းအရင်းအမြစ်များက ပြောဆိုသည်။
ဖားအံမြို့ပေါ်ရှိ စစ်ကောင်စီ အုပ်ချုပ်ရေးရုံးတချို့တွင်လည်း ၎င်းတို့၏ ရုံးဆိုင်းဘုတ်များ ဖြုတ်ထား ကြပြီး စာရင်းဇယားအချက်အလက်များကိုလည်း ကြိုတင်ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်းလည်း အကောက်ခွန် ဦးစီးဌာနနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
၎င်းက “ဟိုတစ်ရက်က ကျနော့်အသိ အကောက်ခွန်ဦးစီးက ဝန်ထမ်းတစ်ယောက်ကပြောတယ်။ သူတို့ ဆိုင်း ဘုတ်တွေ ဖြုတ်လိုက်ရပြီး။ ပြီးတော့ စာရင်းတွေကို လိုက်ဖျက်နေရတာနဲ့ အိမ်ပြန် နောက်ကျတယ်။ သူတို့ ဦးစီးမှူးက ဘာကိုကြောက်တာလဲတော့မသိဘူးတဲ့။ သူတို့ တစ်ခုခုတော့ သတင်းရထားတယ်နဲ့ တူတယ်။” ဟု ပြောသည်။
ယခုလို စစ်ကောင်စီလက်အောက်ခံ BGF ၏ သီးခြားရပ်တည်ခွဲထွက်မှုသည် ဒေသအနှံ့စစ်မျက်နှာ ဖွင့်ထားရပြီး အဖက်အဖက်မှ ကျဆုံးမှုများနေသည့် စစ်ကောင်စီအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်လာ ခဲ့ပြီး စစ်ကောင်စီအတွက် ကြီးမားသည့် အားနည်းချက် ဖြစ်လာစေကြောင်း တိုင်းရင်းသား နိုင်ငံရေး လေ့လာသုံးသပ်သူလည်းဖြစ်၊ မွန်ပြည် ဖွံ့ဖြိုးရေးစင်တာ ဒါရိုက်တာဖြစ်သူ နိုင်ဗညားမွန်က သုံးသပ်ပြောဆိုသည်။
၎င်းက “အမှန်က စစ်ကောင်စီ အားကိုးနေတာက ဒီ BGF တွေဖြစ်တယ်။ အခု BGF က စစ်ကောင်စီ နဲ့ ခွာလိုက်တဲ့အပေါ်မှာ အရှိုက်ထိုးခံရသလို သွားဖြစ်နေတာပေါ့။ နဂိုးကတည်းက မရှိတဲ့အားကနေ BGF က ခွဲထွက်လိုက်တော့ စစ်ကောင်စီအတွက် အထိနာတဲ့ ထိုးနှက်ချက်ပါပဲ။ အခုဆိုရင် ပိုအားပျော့သွားတာပေါ့။” ဟု ကေအိုင်စီသို့ ပြောသည်။
ယခုလို နှစ်ဖက် ညှိနှိုင်းမှု အဆင်မပြေမှုများအပြင် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ထွက်ပေါ်လာသည့် ဗိုလ်မှူးကြီး စောချစ်သူ၏ ရုပ်သံဖိုင်ပါပြောဆိုချက်အရ လာမည့်လပိုင်းများအတွင်း တစ်စုံတစ်ရာ ထူးခြားမည်ဟု ပြောဆိုထားသည်။
၎င်းအပြင် အပြောင်းအလဲ ဖြစ်ပေါ်လာမှုများအပေါ် တရားဝင်ချပြပြောဆိုသွားမည်ဖြစ်ကြောင်းလည်း သတင်းမီဒီယာများနှင့် ပြုလုပ်သည့် အင်တာဗျူးများတွင် ဗိုလ်မှူးကြီး စောချစ်သူက အရိပ်အမြွတ်ပြော ဆိုထားသည်ကို တွေ့ရှိရသည်။
ထိုအခြေအနေအပေါ် နိုင်ဗညားမွန်က “ကျနော်တို့ ဒီတောင်ပိုင်းကို ပြောမယ်ဆိုရင် အခု ပြင်ဆင်မှု တွေအရ တိုက်ပွဲတွေ ပိုပြီးတော့ ကြီးမားလာနိုင်ပါတယ်။ မြို့ကို သိမ်း မသိမ်းတော့ အဲ့လောက်ထိတော့ ခန့်မှန်းဖို့ ခက်တယ်။ ကျနော်နားလည်တာက တော်လှန်ရေးဘက်က စစ်ဆင်ရေးအရှိန်မြင့်မယ်ဆိုတဲ့ သဘောဆိုတော့ စစ်ဆင်ရေးကြီးတာ ငယ်တာကိုတော့ ပြောဖို့ တော့ခက်တယ်။ ဒါပေမဲ့ စစ်ရေးက ပိုမြင့် လာမဲ့ လက္ခဏာမျိုးတော့ သဲသဲလေး ကြားနေရတယ်” ဟု မှတ်ချက်ပေး ပြောဆိုသည်။
၎င်းအပြင် ကရင်အမျိုးသားအစည်းအရုံး-KNU ဘက်မှလည်း BGF ၏ ခွဲထွက်မှုမှ ဖြစ်ပေါ်လာနိုင်မည့် နောက် ဆက်တွဲ အကျိုးဆက်များအတွက် စစ်ရေးအရ တုန့်ပြန်မှုများရှိလာနိုင်သည့်အပေါ် တပ်လှန့် ထားမှု များရှိသလို စစ်ကောင်စီဘက်မှလည်း ခုခံစစ်အတွက် ယခုရက်ပိုင်းအတွင်း စစ်အင်အား တိုးမြင့် မှုများ ပိုမိုလုပ်ဆောင်လာကြောင်း စစ်ရေး သတင်းအရင်းအမြစ်များက ပြောဆိုသည်။
လတ်တလောတွင် မြောက်ပိုင်းဒေသတွင် စစ်ရေးအရှိန် လျှော့နည်းလာခြင်းနှင့်အတူ BGF တပ်ဖွဲ့များ၏ ခွဲထွက်မှု၊ တော်လှန်ရေး အင်အားစုများ၏ ယခုနှစ်အတွင်း စစ်ရေးအရှိန်တိုးမြင့်သွားမည့် အစီအစဉ် များကြောင့် နှစ်ဖက်စစ်ရေး ပြင်ဆင်လာသည့် တောင်ပိုင်းဒေသတွင် ကြီးမားသည့် စစ်ဆင်ရေး တိုက်ပွဲကြီးများ မြင်တွေ့လာရမည်လားဆိုသည်မှာ စောင့်ကြည့်သွားရမည်ဖြစ်သည်။