Home သတင်း BGF နှင့် KNU ပူးပေါင်းတိုက်ခိုက်မည့် ကောလဟလကြောင့် လှိုင်းဘွဲမြို့ရှိ စစ်ကောင်စီတပ်ရင်းများတွင် မိုင်းများထောင်ထား

BGF နှင့် KNU ပူးပေါင်းတိုက်ခိုက်မည့် ကောလဟလကြောင့် လှိုင်းဘွဲမြို့ရှိ စစ်ကောင်စီတပ်ရင်းများတွင် မိုင်းများထောင်ထား

469

ဖေဖော်ဝါရီလ ၂၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကရင်အမျိုးသားအစည်းအရုံး-KNU နှင့် နယ်ခြားစောင့်တပ်-BGF တို့ပူးပေါင်း၍ စစ်ကောင်စီကို တိုက်ခိုက်မည်ဟူသော ကောလာဟလများကြောင့် လှိုင်းဘွဲမြို့ရှိ စစ် ကောင်စီတပ်ရင်းများ ပတ်ပတ်လည်တွင် မိုင်းများထောင်ထားကြောင်း တပ်တွင်းနီးစပ်သည့် သတင်း အရင်းအမြစ်မှ သိရသည်။

လှိုင်းဘွဲမြို့အခြေစိုက် စစ်ကောင်စီ၏ခြေလျင်တပ်ရင်း ခလရ-၂၈၊ ၃၃၈၊ ၃၃၉ တို့ ပတ်ပတ်လည်တွင် ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှစ၍ မိုင်းများထောင်ထားပြီး ထိုသို့ကာကွယ်မှုပြုလုပ်နေရခြင်းမှာ BGF က ကေအဲန်ယူလက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်များနှင့် ပူးပေါင်း ကာ စစ်ကောင်စီအား တိုက်ခိုက်မည်ဟူသော ကောလာဟလများ တပ်တွင်းပျံ့နှံ့နေခြင်းကြောင့် ဖြစ်သည်ဟု တပ်တွင်းနီးစပ်သူ ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “တပ်ထဲမှာသတင်းကြားတာတော့ BGF က KNU ရဲ့ တပ်မဟာ(၄) ခုနဲ့ ပေါင်းပြီး သူတို့ကို တိုက်ဖို့ရှိတယ်၊ အဲ့လိုကြားနေရတယ်။ နေရတာလည်းစိတ်ညစ်တယ်တဲ့။ ဘာတွေကြောက်လို့ ကြောက် နေမှန်းကိုမသိဘူး။ တစ်နေ့က ညပိုင်းလောက်ကလည်း မိုင်းသံကြားတာ သူတို့ပဲဖောက်တာလား ပေါက်တာလားမသိဘူး။ အခုလောလောဆယ်တော့ မြို့ခံလူ ဘယ်သူမှ မိုင်းမထိသေးဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီက ၎င်းတို့မိုင်းများလိုက်ထောင်ပြီးသည့်ရက်တွင် မိုင်းကွင်းပတ်ပတ်လည်သို့ လူရော အိမ်မွေး တိရစ္ဆာန်ပါ သွားလာခြင်းမပြုရန်နှင့် တစ်စုံတစ်ရာဖြစ်ပွားပါက ၎င်းတို့တာဝန်မယူကြောင်း သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများမှတဆင့် သတိပေးထားသည်ဟုလည်း လှိုင်းဘွဲမြို့ခံက‌ ပြောသည်။

“မိုင်းတွေလိုက်ထောင်ထားတာ ၃၊ ၄ ရက်လောက်ရှိပြီ။ ဆိတ်တွေနွားတွေကျောင်းရင် သူတို့နေရာမှာ မိုင်းထောင်ထားလို့ မလာဖို့မှာတယ်။ လာရင်သူတို့တာဝန်မယူဘူးတဲ့ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေက နေတဆင့်ပြောတာ။ သူတို့တပ်ရင်းရှိတဲ့ ကတ္တရာလမ်းမပေါ်တည့်တည့် က ခလရ(၂၈) တပ်ရင်းနား၊ စိုက်ပျိုးရေးရုံးနဲ့မျက်နှာချင်းဆိုင်မှာ အန္တရာယ်ရှိသည်မိုင်းရှိသည် ဆိုပြီး ဆိုင်းဘုတ်နဲ့ရေးထားတယ်။” ဟု ၎င်းမြို့ခံက ပြောသည်။

ကရင်ပြည်နယ်အတွင်း BGF တပ်များက စစ်ကောင်စီလက်အောက်မှ ခွဲထွက်၍ ပြည်တွင်းငြိမ်း ချမ်းရေးလုပ်ဆောင်သွားမည်ဟု ပြီးခဲ့သည့် ဇန်နဝါရီလပိုင်းက ပြည်သူလူထုထံ အသိပေးပြောဆို ခဲ့ပြီး နောက် စစ်ကောင်စီဘက်က BGF နှင့် သွားရောက်ဆွေးနွေးမှုများ ရှိခဲ့သော်လည်း ပြေလည်မှုမရရှိ သေးပေ။

၎င်းအပြင် BGF ဘက်က စစ်ကောင်စီနှင့်ပူးတွဲလုံခြုံရေးယူထားသည့် နေရာများမှ ၎င်းတို့တပ်ဖွဲ့ဝင်များ ကိုရုပ်သိမ်း၍ BGF အခြေစိုက်သည့်စခန်းနေရာများတွင်သာ ပြန်လည်တာဝန်ထမ်းဆောင်စေသလို စစ်ကောင်စီဘက်ကလည်း ဖားအံမြို့အတွင်းအပြင်တွင် လုံခြုံရေးတင်းကြပ်မှု ယခင်ကထက်ပိုမို လုပ်ဆောင်လာကြောင်း ဒေသခံများက ပြောသည်။

အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ တတိယအပတ်ကလည်း ဖားအံမြို့နယ်၊ နောင်လုံကျေးရွာ ဇွဲကပင်တောင်ကြားလမ်းပိုင်းနှင့် ထီလုံရွာစစ်ဆေးရေးဂိတ်နေရာများတွင် BGF တပ်ဖွဲ့ဝင်များ ဖြတ်သန်း သွားလာသည်နှင့်ပတ်သက်၍ စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အငြင်းပွားစရာဖြစ်ခဲ့ပြီး မြို့တွင်းတိုက်ပွဲ စတင်လာတော့မည် ကောလာဟလများ ပိုမိုပျံ့နှံ့နေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။