Home သတင်း အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ပြည်သူနှင့်အတူ တိုက်ပွဲဝင်မည်ဖြစ်ကြောင်း အိုးဘိုအကျဥ်းထောင် နိုင်ငံရေးအကျဥ်းသားများ ကြေညာ

အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ပြည်သူနှင့်အတူ တိုက်ပွဲဝင်မည်ဖြစ်ကြောင်း အိုးဘိုအကျဥ်းထောင် နိုင်ငံရေးအကျဥ်းသားများ ကြေညာ

575
Photo- CJ

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

အာဏာရှင်စနစ်ချုပ်ငြိမ်းရေး မြန်မာပြည်သူတစ်ရပ်လုံးနှင့်အတူ မဆုတ်မနစ်ဆက်လက် တိုက်ပွဲ ဝင်သွားမည်ဖြစ်ကြောင်း မန္တလေးအိုးဘိုထောင်မှ နိုင်ငံရေးအကျဥ်းသားများက ယနေ့ ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် အိုးဘိုကြေညာစာတမ်းဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။
စစ်ကောင်စီက နိုင်ငံတော်အာဏာကို သိမ်းယူထားသည်မှာ သုံးနှစ်တာကာလ သက်တမ်းရှိ လာပြီ ဖြစ်သည့် အထိမ်းအမှတ်အနေဖြင့် အဆိုပါအိုးဘိုကြေညာစာတမ်းကို အချက်(၃)ချက်ဖြင့် ထုတ်ပြန် ကြေညာထားခြင်းဖြစ်ကြောင်း စာတမ်းအရ သိရသည်။

အကျဥ်းသားများ၏ကြေညာစာတမ်းတွင် မြန်မာပြည်သူတစ်ရပ်လုံးအပေါ် အကြမ်းဖက်မှုနှင့် လူ့အခွင့် အရေးချိုးဖောက်မှုများ ကျုးလွန်နေသည့် စစ်ကောင်စီနှင့် ၎င်းတို့၏လက်အောက်ခံများအား ပြင်းပြင်း ထန်ထန်ကန့်ကွက်ရှုတ်ချထားသည့်အပြင် အာဏာရှင်စနစ်ချုပ်ငြိမ်းရန် ဆက်လက်တိုက်ပွဲဝင်မည့်အကြောင်း အလေးအနက်ကတိပြုထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလပိုင်းက မန္တလေးအိုးဘိုအကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသားများအပေါ် ထောင် တွင်းရှိ တာဝန်ခံထောင်အရာရှိ ဝန်ထမ်းများမှ ပူးပေါင်းကာ သေလုမျောပါးရိုက်နှက်မှုများ၊ လုံ လောက်စွာ ဆေးဝါးကုသမှုမရှိသဖြင့် အသက်အန္တရာယ်ထိခိုက်သည်အထိ နစ်နာနေရမှုများ အား လှုမှုကွန်ရက်စာမျက်နှာမှတဆင့် အမျိုးသားညီညွတ်ရေးအစိုးရ-NUG နှင့် သက်ဆိုင်သူများသို့ တင်ပြခဲ့သေးသည်။

ထိုသို့ အကျဥ်းထောင်အတွင်း စစ်တပ်၏ မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဥ်းသားများ ထောင်အတွင်း လူ့ အခွင့်အရေးချိုးဖောက်မှုခံနေရသည့်ကြားမှ ယခုကဲ့သို့ ကြေညာစာတမ်းထုတ်ပြန်လာသည့်အပေါ် လေးစားဂုဏ်ယူကြောင်း NUG ၏ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ကေအိုင်စီသို့ ပြောသည်။

၎င်းက “နိုင်ငံရေးအကျဥ်းသားတွေအနေနဲ့ အခုလိုတတ်နိုင်သမျှ ဖော်ထုတ်နေတာ ပြည်သူနဲ့တစ် သားတည်းရပ်တည်ပြီးတော့ ဆောင်ရွက်နေတာနဲ့ပတ်သက်ပြီး အရမ်းပဲ လေးစားဂုဏ်ယူပါတယ်။ ဒီလူတွေဟာဘာအပြစ်မှမရှိဘဲ မတရားအကျဥ်းချခံနေရတာပါ။ သူတို့တွေကိုအကျဥ်းချတဲ့သူတွေရော ထောင်ထဲရှိနေစဥ်မှာ ညှဉ်းပန်းနှိပ်စက်တဲ့သူတွေအားလုံးဟာ သူတို့ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေနဲ့ ပတ်သက်ပြီး တစ်ချိန်ချိန်ကျရင် တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ ပြန်လည်ဖြေရှင်းရမယ်ဆိုတာလည်း ကျနော်အသိပေးလိုပါတယ်။” ဟု ပြောသည်။

အိုးဘိုထောင်ကြေညာစာတမ်းတွင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီးလျှင် သက်ဆိုင်သူများအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီအတွက် အာမခံချက်ရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲပြဌာန်း၍ ငြိမ်းချမ်း သာယာသော နိုင်ငံတော်တည်ဆောက်ရေး စည်းစည်းလုံးလုံး လက်တွဲဆောင်ရွက်သွားကြရန်ကိုလည်း တိုက်တွန်းထားသည်။

နိုင်ငံရေးအကျဥ်းသားများစောင့်ရှောက်ရေးအသင်း(AAPP)၏ စာရင်းများအရ အာဏာသိမ်း (၃)နှစ်တာကာလအတွင်း တော်လှန်ရေးနှင့်ဆက်စပ်ပြီး ဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဥ်း သားစုစုပေါင်း (၂၅,၉၃၁)ဦး ရှိနေပြီး ၎င်းတို့အနက် (၁၉,၉၉၃)ဦးသည် နိုင်ငံအနှံ့ရှိ စစ်ကြောရေးနှင့် အကျဥ်းထောင်အသီးသီးတွင် ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း သိရသည်။

အာဏာသိမ်း(၃)နှစ်ပြည့်အတွက် တော်လှန်သူအစုအဖွဲ့များမှ ပြည်သူလူထုအနေဖြင့် မိမိတို့ တတ်နိုင် သည့်ကဏ္ဍမှ ဆန့်ကျင်တော်လှန်ကြရန် အသိပေးနှိုးဆော်ထားသလို မြို့ပြ၊ ကျေးလက် ဒေသများရှိ ပြည်သူလူထုများကလည်း အသံတိတ်သပိတ်ဖြင့် ဆန့်ကျင်ဆန္ဒပြမှုများလုပ် ဆောင်လျက်ရှိသည်ဟု ဒေသတွင်းသတင်းများအရ သိရသည်။