ဖေဖော်ဝါရီလ ၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ ကရုပ္ပိကျေးရွာအတွင်းရှိ ပြည်သူ့စစ်ခေါင်း ၂ ဦးကို ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ပိုင်းအချိန်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဖမ်းဆီးရမိခဲ့ကြောင်း တောင်ညိုစစ်ကြောင်းက ဖေဖော်ဝါရီလ ၁ရက်၊ ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
ပဲခူးတိုင်းဘက်ခြမ်းမှ သံဖြူဇရပ်မြို့နယ်ထဲသို့ ပြောင်းရွှေ့လာသူ ပြည်သူ့စစ်ခေါင်းဆောင် ဦးကာတွန်း နှင့် အတွမ့်ဆိုသူ နှစ်ဦးသည် စစ်ကောင်စီတပ်လက်အောက်ခံ ရပ်ကွက်လူကြီးများနှင့်အတူ ကျေးရွာထဲမှ ဒေသခံ ပြည်သူများကို မဲနှိုက်စနစ်ဖြင့် ပြည်သူ့စစ်ထဲသို့ ဝင်ရောက်ရန် လိုက်လံစုဆောင်းခြင်းအပြင် အရပ်သား ပြည်သူများကိုလည်း လက်နက်ကိုင်ခြိမ်းခြောက်မှုများ ပြုလုပ်နေသူများဖြစ်၍ စစ်ဆေးမှုများပြုလုပ်နေကြောင်း တောင်ညိုစစ်ကြောင်း တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
၎င်းက “ကျနော်တို့ ကရုပ္ပိရွာက ပြည်သူ့စစ်ခေါင်းဆောင် ၂ ဦးကို ဖမ်းဆီးတဲ့အချိန်မှာ လက်နက်ခဲယမ်းတွေပါ ပါလာ တယ်ပေါ့နော်။ သူက ပဲခူးဘက်ကနေ ပြောင်းလာတယ်လို့ သတင်းရတယ်။ ကျေးရွာတွေဘက်မှာ မဲနှိုက်စနစ်နဲ့ လူစုဆောင်း ပိုက်ဆံကောက် သေနတ်ကိုင်ပြီး ပြည်သူတွေကို မတရားဖိနှိပ်နေတဲ့သူလည်း ဖြစ်တယ်ပေါ့နော်။ အခု လက်ရှိမှာတော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ စစ်ဆေးမှု တွေပြုလုပ်နေပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ပြည်သူ့စစ်ခေါင်းဆောင်များနှင့်အတူ AK အမျိုးအစား သေနတ် (၃)လက်၊ ၎င်းကျည်ဘောက် (၂)ခု၊ ကျည် (၄၂)တောင့် နှင့် M16 (၁)လက်၊ 380 ဆုံလည် (၁)လက်နှင့်အတူ ဖမ်းဆီးရမိကြောင်း တောင်ညို စစ်ကြောင်းတပ်ခွဲ(၁)က ထုတ်ပြန်ထားသည်။
မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းစသည့် ဒေသအချို့တွင် ဒေသအတွင်းရှိ အသက် ၁၈ နှစ်မှ အသက် ၆၀ နှစ်အောက် ဒေသခံအမျိုးသားများကို ရပ်ကွက်ငြိမ်းချမ်းသာယာ အေးချမ်းရေးအတွက် ဟုဆိုကာ စစ်ကောင်စီက မဲနှိုက်စနစ်ဖြင့် အတင်းအဓမ္မ ပြည်သူ့စစ်ဖွဲ့စည်းရန် စုဆောင်းနေခြင်းဖြစ်သည်။ ထိုသို့မဲနှိုက်ရာတွင် မဲပေါက်၍ ပြည်သူ့စစ်အတွင်း မဝင်သူများကိုလည်း စစ်ကောင်စီတပ်က ငွေကြေး တောင်းခံနေကာ မပေးဆောင်သူများကို နေအိမ် မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုမှုများရှိနေကြောင်း နယ်မြေခံ ဒေသခံများက ပြောဆိုသည်။
တောင်ညိုစစ်ကြောင်းသည် မော်လမြိုင်−ရေး−ထားဝယ်သွား အမှတ်(၈) ပြည်ထောင်စုလမ်းမ အာရှလမ်းပိုင်း ကြီးတစ်ခုတွင် အသွားအလာယာဉ်များနှင့် ခရီးသွားပြည်သူများကို စစ်ဆေးမှုများပြုလုပ်လျက်ရှိပြီး နယ်မြေအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များနှင့်လည်း မဟာမိတ်ပူးပေါင်း၍ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ရာတွင် ပါဝင်နေသည့် စစ်ကြောင်း ဖြစ်သည်။
“ကျနော်တို တောင်ညိုစစ်ကြောင်းက အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့လက်အောက်မှာတည်ရှိပြီး တိုင်းရင်းသား မဟာမိတ်တပ်ဖြစ်တဲ့ KNLA ရဲ့ စစ်ရေးဦးဆောင်မှုနဲ့ သွားနေပါတယ်။ လမ်းပိုင်း စစ်ဆေးမှုပြုလုပ်တဲ့အခါ စစ်ကောင်စီနဲ့ ဆက်နွှယ်ပတ်သက်တဲ့ပစ္စည်းတွေ လူတွေ ဖမ်းမိတာမျိုးတွေရှိသလို လာရောက် အလင်း၀င်တာမျိုးလည်း ရှိကြတယ်။ ”ဟု တောင်ညိုစစ်ကြောင်း တပ်ဖွဲ့ဝင်က ဖြည့်စွက်ပြောသည်။
အလားတူ မွန်ပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့များ၊ သတင်းပေးများ၊ ဌာနဆိုင်ရာ ရုံးဝန်ထမ်းများကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က မကြာခဏပစ်ခတ်တိုက်ခိုက်မှုများနှင့် ဖမ်းဆီးမှုများပြုလုပ်နေလျက်ရှိပြီး လက်ရှိတွင် ပြည်သူ့စစ်အတွင်းသို့ ဝင်ရောက်ရန် လိုက်လံစုဆောင်းမှုများကြောင့်လည်း ဒေသခံပြည် သူများ အနေဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရမှုများလည်း ရှိနေကြောင်း နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့ထံမှ သိရသည်။