Home သတင်း ပဲခူးနှင့်ဧရာဝတီတိုင်းအတွင်း စစ်သင်တန်းတက်ရန် မပေးမနေရ လူစုဆောင်းမှုများ ပြုလုပ်နေ

ပဲခူးနှင့်ဧရာဝတီတိုင်းအတွင်း စစ်သင်တန်းတက်ရန် မပေးမနေရ လူစုဆောင်းမှုများ ပြုလုပ်နေ

768

ဖေဖော်ဝါရီလ ၁၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

စစ်ကောင်စီက စစ်မှုထမ်းဥပဒေအာဏာအတည်ပြုပြီးနောက် ပဲခူးတိုင်းနှင့်ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်၊ ကျေးရွာများတွင် လူမပေးမနေရအမိန့်ဖြင့် စစ်သင်တန်းတက်ရန် တပ်သားအင်အားစု ဆောင်း မှုများ ပြုလုပ်နေကြောင်း ထိုမြို့၊ ရွာနေ ဒေသခံများက ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၁၀)ရက်နေ့မှ စတင်၍ ပြည်သူ့စစ်မှုထမ်းဥပဒေ အာဏာအတည်ပြ ဌာန်းလိုက်ကြောင်း စစ်ကောင်စီက ၎င်းတို့ထိန်းချုပ်ထားသော မီဒီယာများမှ ထုတ်ပြန်ကြေညာပြီး ခေါ်ယူရေးလုပ်ငန်း စဥ်အဆင့်အဆင့်ဖြင့် ယခုနှစ် ဧပြီလနောက်ပိုင်းမှ စတင်အကောင်အထည် ဖော်သွားမည်ဖြစ်သည်ဟု အသိပေးပြောဆိုထားခြင်းဖြစ်သည်။

သို့သော် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ကုက္ကိုင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် တစ်ရွာ လျှင် လူ(၁၀)ဦး မပေးမနေရအမိန့်ဖြင့် ခြိမ်းခြောက်တောင်းခံ၍ ခေါ်ယူသွားကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။

“တစ်ရွာကို ဆယ်ယောက်တောင်းတာ မသွားရင် ရွာကိုမီးရှို့မယ်ပြောလို့ လိုက်သွားရတာပေါ့ ။ ဆယ် ယောက်က အသက်(၆၀)ဝန်းကျင်တွေ သူများပြောတာ အသက်(၁၈)နှစ် ဘာညာအပိုတွေ၊ ရွာက လူတွေလိုက်သွားရတာက အသက် (၃၀) ကျော်တစ်ယောက်မှမရှိဘူး (၅၀) ကျော် (၆၀) တွေချည်းပဲ။ အကုန်ခေါ်တာပဲ (၃)နှစ် တာဝန်ထမ်းရမယ်ပြောတယ်။” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

ပဲခူးတိုင်းအရှေ့ပိုင်း ရေတာရှည်နှင့် ဆွာမြို့များတွင်လည်း ညဘက်သာမက နေ့ဘက်များတွင်ပါ စစ်တပ် ၏ အင်အားစုဆောင်းခြင်းခံနေရသဖြင့် အုပ်ထိန်းသူများ စိုးရိမ်ထိတ်လန့်စွာ နေနေရသလို လူငယ်များနေ့ ဘက်ပင် အပြင်မထွက်ဝံ့တော့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

နောက်ထပ် ဆွာမြို့ခံ အမျိုးသမီးတစ်ဦးကလည်း “ပြောတော့ (၄)လပိုင်းမှ ဆင့်ခေါ်မယ်ဆိုပြီး အောက် ခြေမှာ ပေါ်တာဆွဲနေကြတယ်။ နေ့ဘက်ရော ညဘက်ရော။ အခုဆိုကြောက်လို့ ဘယ်သူမှလမ်းပေါ် မထွက်ရဲဘူး။ စာထဲမှာသာအသက်ပါတာ ပြီးရင်အကုန်လုပ်ချင်တာလုပ်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

စစ်တပ်က ၂၇/၂၀၁၀ ဖြင့် ပြဌာန်းထားသော အဆိုပါ စစ်မှုထမ်းဥပဒေကို အာဏာတည် ကြောင်း ကြေညာအပြီး ရက်ပိုင်းအတွင်း စစ်မှုထမ်းဆင့်ခေါ်ရေး(ဗဟို)နှင့် တိုင်းနှင့်ပြည်နယ် အလိုက်အဖွဲ့များကို ဖွဲ့စည်းကာ တစ်နှစ်လျှင် တပ်သားအင်အား(၅၀,၀၀၀)နှုန်းဖြင့် အပတ်စဥ်တစ်ခုလျှင် လူအယောက် (၅,၀၀၀)နှုန်းအား လာမည့် ဧပြီလနောက်ပိုင်းမှစတင် ခေါ်ယူသွားမည်ဖြစ်ကြောင်း စစ်ကောင်စီ ပြန်ကြားရေးက ဆိုထားသည်။

သို့ရာတွင် ပဲခူးတိုင်းအတွင်းသာမက ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကျုံပျော်နှင့်မြောင်းမြမြို့များတွင် လည်း မဲစနစ်ဖြင့် လိုက်လံကောက်ခံခြင်းတို့ဖြင့် ယခုကတည်းက လူအင်အားစုဆောင်းနေကြကြောင်း ဒေသခံများထံမှ သိရသည်။

မြောင်းမြမြို့ဒေသခံတစ်ဦးက “ကျနော်တို့ဆီက ရွာတွေအကုန်လုံး တစ်အုပ်စုကိုလူ(၅)ယောက်ဆီ မဲနှိုက်ရတယ်။ ကျနော်တို့ရွာကျတော့ တပ်ထဲဝင်တဲ့သူရှိလို့ မဲမနှိုက်လိုက်ရဘူး။ တချို့ရွာအုပ်စုတွေက ကျတော့ အသက်ကြီးကြီးတွေထည့်ပေးလိုက်တာ အဲ့ဒါလည်း ယူတာပဲ။ တစ်လပဲသင်တန်းတက်ပြီးရင် ပြန်လာရမယ်ပြောတယ်” ဟု ပြောသည်။

ဥပဒေအတည်ပြုချက်ထွက်ရှိလာပြီး အခြားတိုင်းနှင့်ပြည်နယ်အများအပြားရှိ မြို့နယ်၊ ကျေးရွာများတွင် စစ်ကောင်စီ၏အတင်းအဓမ္မလူအင်အား တောင်းခံခြင်းနှင့် ပေါ်တာဆွဲခြင်း ဆောင်ရွက်သည့် သတင်းများကြောင့် ပြည်သူအများစိုးရိမ်ထိတ်လန့်နေရသလို လူငယ်အများစုမှာ ပြည်ပသို့ရရာ နည်းလမ်းဖြင့် ထွက်ခွာနေကြကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

စစ်ကောင်စီဘက်ကမူ မြို့ရွာများတွင် တော်လှန်ရေးအင်အားစုများ ဝင်ရောက်နေထိုင်မည်စိုးသဖြင့် စစ်ဆေးရေးလုပ်ဆောင်သည့်အနေဖြင့် သက်ဆိုင်ရာသို့ ခေါ်ယူမေးမြန်းခြင်းကိုသာ လုပ်ဆောင်နေ ကြောင်းနှင့် လူအင်အားစုဆောင်းသည့်သတင်းများမှာ လုပ်ကြံဖန်တီးမှုသာဖြစ်ကြောင်း ၎င်းတို့ထိန်း ချုပ်ထားသော မီဒီယာများမှတဆင့် ယနေ့တုန့်ပြန်ပြောဆိုထားသည်။