Home သတင်း ထားဝယ်မြို့ရှိ စောမိညိုလမ်းရပ်ကွက်အတွင်း နေအိမ်များကို စစ်ကောင်စီက ၅ ရက်အတွင်း အပြီးဖျက်ခိုင်း

ထားဝယ်မြို့ရှိ စောမိညိုလမ်းရပ်ကွက်အတွင်း နေအိမ်များကို စစ်ကောင်စီက ၅ ရက်အတွင်း အပြီးဖျက်ခိုင်း

164
Photo: CJ

ဖေဖော်ဝါရီလ ၁၉ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့ရှိ စောမိညိုလမ်း ရှိ ရပ်ကွက်နေအိမ်များကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ၅ ရက်အတွင်း အပြီးဖျက်ခိုင်းထားကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

ထားဝယ်မြို့ရှိ အခြေခံလူတန်းစားအများစု နေထိုင်လျက်ရှိသည့် စောမိညိုလမ်းမှရပ်ကွက်နေ ပြည်သူများကို ထား ဝယ်မြို့ စုပေါင်းရုံးတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၁၆)ရက်နေ့က ခေါ်ယူတွေ့ဆုံကာ လမ်းပိုင်းရှိ နေအိမ် များကို ယခုလ ၂၁ရက်နေ့ထိ နောက်ဆုံးထားဖျက်ပေးရန် ပြောဆိုထားကြောင်း ထားဝယ်မြို့နေ ဒေသခံ တစ်ဦးက ပြောသည်။

၎င်းက “ပြီးခဲ့တဲ့အပတ်က စည်းဝေးခေါ်ပြီးပြောတာ။ အိမ်တွေကလည်း ရှိတဲ့ပိုက်ဆံနဲ့ ဆောက်ထားတာဆိုတော့ နှမြော တယ်။ သူတို့ ဒီမှာ တပ်စွဲဖို့လုပ်ထားတာဆိုတော့ မဖြစ်မနေဖယ်ပေးရမဲ့ သဘောမှာ ရှိတယ်။ လုပ်ကိုင် စား သောက်ဖို့မလွယ်တဲ့အချိန်မှာ မြေတစ်ကွက်ရဖို့ ဆိုတာမလွယ်ဘူး။ ဒီမြေတွေက ဈေးတော်တော်နဲ့ကွက်ရိုက် ရောင်းလို့ မရှိ ရှိတာလေးနဲ့ ဝယ်ထားကြတာ။” ဟု ကေအိုင်စီ သို့ပြောသည်။

အဆိုပါ ရပ်ကွက်နေ ဒေသခံများအနေဖြင့် နေအိမ်များကို မဖျက်ပေးပါက စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဖမ်းဆီး ထောင်ချခြင်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုထားသည်ဟု ၎င်းဒေသခံက ဆက်ပြောသည်။

“လမ်းပိုင်းမှာက မွေးမြူရေးခြံတွေပါရှိတယ်။ အဲ့ဒါတွေကျတော့ ဒီလိုကာလမှာ ပြောင်းရရွှေ့ရခက်တယ်။ ဆွေမျိုး မရှိတဲ့သူတွေဆိုရင် ဈေးတော်တဲ့ ဆိုင်ခန်းအိမ်ခန်းတွေရှာပြီး ပြောင်းရတာပေါ့။ မပြောင်းရင်လည်း ထောင်က ချမယ်။ ပြည်သူတွေကို အကြောက်တရားနဲ့ အုပ်ချုပ်ချင်နေကြတာ။” ဟု ထိုဒေသခံက ပြောသည်။

၎င်းလမ်းပိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြား မကြာခဏတိုက်ပွဲများ ဖြစ်ပွားလေ့ရှိပြီး ၎င်းရပ်ကွက်တွင် လူနေအိမ်(၇၀)ကျော်အပါအဝင် ပွဲရုံ၊ ကြက်ခြံ အပြင်စပါးဂိုဒေါင်နှင့် စပါးစက်များ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ နှင့် ယခုနှစ် ဖေဖော်ဝါရီလ ဒုတိယအပတ်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ရပ်ကွက်အတွင်းရှိ နေအိမ်များကို ဝင်ရောက်မွှေနှောက်ပြီး အရပ်သားများအား စစ်ဆေးမေးမြန်းခြင်းအပြင် တန်ဖိုးကြီးပစ္စည်းများ နှင့် ငွေကြေး သိန်းရာချီအထိယူဆောင်မှုများ ပြုလုပ်ခဲ့ဖူးကြောင်းလည်း ရပ်ကွက်နေ ဒေသခံများက ပြောသည်။

ထို့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD အစိုးရလက်ထက် ၂၀၂၀ ခုနစ်ကလည်း စောမိညိုလမ်းမှ အိမ်များ ကို တစ်လအတွင်း ဖျက်ပေးရန်နှင့် မဖျက်ပေးပါက မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ တရားစွဲဆိုမည်ဟု ဆိုကာ သတိပေးခဲ့ဖူးသည်။ ထိုစဉ်က လမ်းပိုင်းအတွင်းနေထိုင်သူများလည်း နေစရာမရှိသောကြောင့် အသနားခံစာ တင်ကာ ဆက်လက်နေထိုင်ခဲ့ကြောင်း ဒေသတွင်းသတင်း အရင်းအမြစ်များ၏ ပြောဆိုချက်များအရ သိရသည်။