ဖေဖော်ဝါရီလ ၇ ရက်၊ ၂၀၂၄ ခုနှစ်။ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့အရှေ့ဘက် အမှတ် (၈)စစ်ဆင်ရေးကွပ်ကဲ မှုဌာနချုပ်အနီးရှိ စစ်ကောင်စီစခန်းကုန်းတစ်ခုကို ယမန်နေ့ ညနေတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ စစ်ကောင်စီစခန်းကုန်းသည် ထားဝယ်မြို့ အရှေ့ဘက်ရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း(ခမရ-၄၀၁) နှင့် (ခမရ-၄၀၂) ကြား မယ်ဝေတောင်ပေါ်တွင်တည်ရှိပြီး ယမန်နေ့ ညနေ(၄)နာရီခွဲဝန်းကျင်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း စခန်းသိမ်းတိုက်ပွဲတွင်ပါဝင်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ တစ်ဖွဲ့ဖြစ်သည့် ဗထူးစစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ထက်မြတ်က ယခုလို ပြောသည်။
၎င်းက “ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ညနေပိုင်းမှာ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဗျာ့။ စစ်တပ် စခန်းမှာကလည်း အင်အားနည်းနေတဲ့အချိန်ဆိုတော့ မိနစ်ပိုင်းအတွင်းမှာပဲ အလွယ်တကူ သိမ်းပိုက် နိုင်ခဲ့ပါတယ်။ စစ်တပ်ဘက်က တိတိကျကျပြောရရင် နှစ်ကောင်သေပါတယ်။ ကျန်တဲ့ကောင်တွေ ကတော့ ထွက်ပြေးသွားတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သုံးနှစ်ကြာ လာရောက်တပ်စွဲအထိုင်ချထားသည့် ထိုစစ်ကောင်စီ စခန်းကုန်းကို ဗထူးတပ်မတော်နှင့် ထားဝယ်စုပေါင်းတော်လှန်ရေးစစ်ကြောင်းတို့မှ ပူးပေါင်းသိမ်း ပိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ သေနတ် (၃) လက်၊ ကျည်ဆံများအပြင် ကျည် ဘောက်(၇) ဘောက် နှင့် အခြားဆက်စပ်ပစ္စည်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ဗထူးစစ်ကြောင်း၏ ထုတ်ပြန်ထားချက်အရ သိရသည်။
စစ်စခန်းကုန်း သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ယမန်နေ့ည (၉)နာရီ ဝန်းကျင်အချိန်ခန့်တွင် ရဟတ်ယာဉ်နှစ်စီးဖြင့် စခန်းအနီးတဝိုက်သို့ရောက်ရှိလာကာ စက်သေနတ်များဖြင့်ရမ်း သမ်းပစ်ခတ် မှုများ ပြုလုပ်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဘက်က ပြောသည်။
တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့်ဇန်နဝါရီလ နောက်ဆုံးအပတ်ကလည်း ထားဝယ်မြို့နယ်၊ ဘန်းချောင်း ဒေသ၊ စစ်ကောင်စီ ကျောင်ထုစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ-၄၊ တပ်မဟာ-၆မှ တပ်ရင်းနှစ်ခုနှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များက ပထမဆုံးအကြိမ် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။



















