Home သတင်း တိုက်ပွဲဆက်လက်ဖြစ်ပွား၍ ကျိုက်ဒုံဒေသခံ စစ်ရှောင်ပြည်သူများ နေအိမ်မပြန်နိုင်သေး

တိုက်ပွဲဆက်လက်ဖြစ်ပွား၍ ကျိုက်ဒုံဒေသခံ စစ်ရှောင်ပြည်သူများ နေအိမ်မပြန်နိုင်သေး

724

ဖေဖော်ဝါရီလ ၂၃ ရက်၊ ၂၀၂၄ ခုနှစ်။ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်တောင်ပိုင်း၊ ကျိုက်ဒုံမြို့တွင် ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ကြား တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်၍ ဒေသခံစစ်ရှောင်ပြည်သူများမှာ ယခုအချိန်ထိ နေအိမ်မပြန်နိုင်ကြသေးကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါလကုန်ပိုင်းကတည်း စတင်ဖြစ်ပွားသည့် ကျိုက်ဒုံမြို့တွင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ရပ်ကွက်၊ ကျေးရွာများထဲသို့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျိုက်ဒုံမြို့အပါအဝင် အနီးအနားရှိ ကျေးရွာများမှ ဒေသခံ ရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ယခုလိုပြောသည်။

၎င်းက”တိုက်ပွဲစဖြစ်ကတည်းက အမြဲတမ်းပြေးနေရတယ်။ ညညဆို‌ တောတောင်ထဲမှာပဲပြေးအိပ်နေရတယ်။‌ ကလေးငယ်တွေကိုတော့ အဝေးကို ပို့လိုက်ကုန်ပြီး။ စစ်‌ကောင်စီတပ်တွေ လက်နက်ကြီးပစ်တာက ရွာထဲမှာပဲ ချိန်ပစ်တယ်။ ရွာထဲမှာတော့နှစ်ခါ၊ သုံးခါကျတယ်။ ရွာသားတစ်ဦးလည်း ထိသေးတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

တိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်နေကြသော ကျိုက်ဒုံဒေသခံများထဲတွင် စစ်ကောင်စီတပ်၏ ဌာနအသီးသီးမှ ဝန်ထမ်းများလည်း ပါဝင်နေကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော့ကရိတ်မြို့နယ် အဆင့် ခေါင်းဆောင်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

“ကျိုက်ဒုံမြို့တိုက်ပွဲဖြစ်တော့ စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်း ပစ်ခတ်တာတွေ လုပ်တယ်။ အရပ်သားတွေ၊ မြို့ထဲက အစိုးရဝန်ထမ်းတွေအားလုံး တိမ်းရှောင်ကြရတယ်။”ဟု ၎င်းကေအဲန်ယူခေါင်းဆောင်က ပြောသည်။

စစ်ဘေးတိမ်းရှောင်ခိုလှုံနေကြသော အဆိုပါ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများတွင် အထွေထွေ အုပ်ချုပ်‌ရေး၊ လျှပ်စစ်၊ မီးသတ်၊ စည်ပင်၊ ဆက်သွယ်‌ရေးနှင့်ပညာ‌ရေးဝန်ထမ်းများလည်း ပါဝင်ကာ ၎င်းဝန်ထမ်းများအားလုံးကို ဒေသခံစစ်ရှောင်များနည်းတူ စားနပ်ရိက္ခာကူညီထောက်ပံ့မှုရရှိပြီး လွတ်လပ်စွာ နေထိုင်ခွင့်ပေးထားသည်ဟု ကေအဲန်ယူက ပြောသည်။

ကျိုက်ဒုံမြို့ကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ရက်ကတည်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့ ဝင်ရောက်တိုက်ခိုက်၍ မြို့ကိုထိန်းချုပ်ထားနိုင်ပြီး လက်ရှိတွင် စစ်ကာင်စီတပ်၏ ကျိုက်ဒုံဗျူ ဟာကုန်းစခန်းတစ်ခုသာ ကျန်ရှိတော့သည်ဟု ကေအဲန်ယူနှင့် ဒေသခံများက ပြောသည်။