ဖေဖော်ဝါရီလ ၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေသည့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ဘန်လောကျေးရွာအနီးတွင် ဖေဖော်ဝါရီလ ၂ရက်၊ ယမန်နေ့ မွန်းလွဲပိုင်းက စစ်ကောင်စီတပ် လေယာဉ်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်ဟု ဒေသခံထံမှ သိရသည်။
တော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပွားနေသည့် တနင်္သာရီမြို့နယ် ဘန်လောကျေးရွာအနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်က (Mi2 helicopter ) နှင့် ဗုံး(၉)လုံးခန့် လာရောက်ပစ်ချသွားခဲ့ကြောင်းလည်း ဒေသအတွင်းသတင်းအရင်းအမြစ်များက ပြောသည်။
“ အဲဒီမှာတိုက်ပွဲဆက်တိုက်ဖြစ်တာ။ ၃ ရက်၊ ၄ရက်လောက်ရှိပြီ။ စစ်ကြောင်းထိုးလာတော့ လူထုတွေက စစ်ရှောင်တော့ လေယာဉ်နဲ့သွားပစ်တာ ထိခိုက်မှုမရှိဘူးလို့ လောလောဆယ် ကြားသိရတယ်။ အသေး စိတ်တော့ ကျနော်တို့လည်း ချိတ်ဆက်မေးကြည့်နေတုန်းပါပဲ”ဟု စစ်ရှောင်များအား အနီးကပ် ကူညီပေးသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
ထိုဒေသတွင် တော်လှန်ရေးပူးပေါင်းတပ်များ လှုပ်ရှားမှုအားကောင်းပြီး စစ်ကောင်စီတပ်ဘက်မှ အင်အားဖြည့်တင်းရန် သွားလာရေးခက်ခဲသည့်အတွက် ယခုလို လေကြောင်းအသုံးပြု တိုက်ခိုက်မှု ပြုလုပ်ခြင်းဖြစ်ကြောင်းလည်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဘိတ်-ထားဝယ်ခရိုင်( တပ်မဟာ ၄) အခြေစိုက် ကရင်ဘာသာဖြင့် ရေးသားသည့် ကွယ်ကလူသတင်း၏ လူမှုကွန်ရက် ဖေ့ဘွတ်ခ် စာမျက်နှာတွင် ရေးသားထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်နေ့ကလည်း တနင်္သာရီမြို့နယ်၊ ဘန်လောအရှေ့ရွာ ကမ်းရွာအနီး ၆ မိုင်၌ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာရာတွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁)က ပစ်ခတ်တိုက်ခိုက်မှုလုပ်ဆောင်သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့သေးသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဘက်က ပြောသည်။
ထိုဒေသတွင် အခြေစိုက်လှုပ်ရှားသည့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)သည် မြိတ်ခရိုင် တပ်ခွဲ(၂)၊ တပ်ခွဲ(၁)၊ ဘက်မလိုက်ပြောက်ကျားအဖွဲ့၊ တောင်ပိုင်းသူရဲကောင်းအဖွဲ့-SWDF နှင့် မြိတ်မြို့နယ် (ပကဖ)တို့ ပါဝင်သည်ဟု သိရသည်။
တနင်္သာရီမြို့နယ်ထဲတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှု၊ စစ်ကြောင်းထိုးလာမှုတို့ကြောင့် ကျေးရွာ ၁၇ ရွာကျော်မှ အရပ်သားပြည်သူများသည် မကြာခဏ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိတွင် စစ်ဘေးရှောင်ဦးရေ တစ်သောင်းခန့် တိမ်းရှောင်နေကြရကြောင်း စစ်ရှောင်ကူညီသူထံမှ သိရသည်။
Photo-CJ



















