Home တွေ့ဆုံမေးမြန်းခန်း စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအပေါ် ကေအဲန်ယူနှင့် မေးမြန်းချက်

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအပေါ် ကေအဲန်ယူနှင့် မေးမြန်းချက်

322

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအပေါ် ကေအဲန်ယူနှင့် မေးမြန်းချက်

(ဖေဖော်ဝါရီလ ၁၉ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ)

‘ထွက်ပြေးတိမ်းရှောင်လာမယ့် လူငယ်လေးတွေအတွက်လည်း ဘယ်လိုမျိုးနေရာ ချထားပေးမလဲဆိုတာ အစီအစဉ်တွေ ရေးဆွဲထားဖို့လည်းရှိပါတယ်။’ ကေအဲန်ယူ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေး

တစ်နိုင်ငံလုံးနီးပါး စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီအနေဖြင့် ဖေဖော်ဝါရီလ (၁၀) ရက်နေ့က နိုင်ငံသားတိုင်း စစ်မှု မထမ်းမနေရ ဥပဒေကို အသက်ဝင်ကြောင်း ထုတ်ပြန်လိုက်ပြီးနောက် နိုင်ငံတစ်ဝှမ်း ဝေဖန်မှုမျိုးစုံ ထွက်ပေါ်လာခဲ့သည်။

စစ်မှုထမ်းဥပဒေ ထွက်ပေါ်လာပြီးနောက် စစ်မှုမထမ်းလိုသည့် လူငယ်အများအပြားလည်း ထွက်ပြေး တိမ်းရှောင်မှုများ ပြုလုပ်လာကြသလို နီးစပ်ရာ တော်လှန်ရေး နယ်မြေများတွင်လည်း ခိုလှုံမှုများ ပြုလုပ်လာကြသည်။

ယခုလို စစ်ကောင်စီက ထုတ်ပြန်လိုက်သည့် စစ်မှုထမ်းဥပဒေအပေါ် ကေအဲန်ယူ၏ သဘောထား ရပ်တည်ချက်နှင့် စစ်မှုမထမ်းလိုဘဲ ရှောင်တိမ်းခိုလှုံလာမည့် လူငယ်များအတွက် ကေအဲန်ယူ၏ စဉ်းစားထားချက် စီမံထားချက်များအပေါ် အစည်းအရုံး၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေး နှင့် တွေ့ဆုံမေးမြန်ထားပါသည်။

မေး- အခု စစ်ကောင်စီကထုတ်ပြန်လိုက်တဲ့ ပြည်သူ့စစ်မှုမထမ်းမနေရ ဥပဒေထွက်ပေါ်လာတဲ့အပေါ်မှာ ကေအဲန်ယူရဲ့ ရပ်တည်ချက် သဘောထားကို ကနဦးပြောပြပေးပါအုံး။
ကျနော်တို့ ကေအဲန်ယူရဲ့ရပ်တည်ချက်သဘောထားထက်ကို ကျနော်တို့သုံးသပ်ဖို့လိုလိမ့်မယ်။ အမှန်ဆိုရင် နိုင်ငံတိုင်းမှာ စစ်မှုမထမ်းမနေရ ဥပဒေဆိုတာ ထုတ်ပြန်ထားလေ့ရှိတယ်။ ထုတ်ပြန်ခွင့်လည်းရှိပါတယ်။ ဒါပေမဲ့ထူး ခြားတာက ဒီနိုင်ငံထဲမှာက အခုမှဘာကြောင့် ထုတ်ရလဲ။ ဒါကတော့ သေသေချာချာစဉ်းစားမယ်ဆိုရင် ကျနော်တို့အားလုံး သဘောပေါက်လိမ့်မယ်။ ဒီအချိန်မှာမှ ထုတ်တယ်ဆိုတာက စစ်ကောင်စီရဲ့အခြေအနေကို ကျနော်တို့ကြည့်လိုက်မယ်ဆိုရင် အဖက်ဖက်မှာ သူကျဆုံးနေတယ်။

နိုင်ငံရေးအရသော်လည်ကောင်း၊ စစ်ရေးအရသော်လည်ကောင်း အထူးသဖြင့်စစ်ရေးက အဆိုးဆုံးအခြေအနေကို သူ ရောက်ရှိနေတယ်။ သူ့ရဲ့တပ်သားတွေရဲ့ စိတ်ဓာတ်ကျဆင်းမှုနဲ့ ခုခံချင်တဲ့စိတ်မရှိတော့လောက်အောင်ကို ဖြစ်နေတဲ့ အချိန်ဖြစ်တယ်။ တပ်ပြေးတွေလည်းအများကြီးရှိတယ်။ တိုက်ပွဲတွေမှာလည်း ကျဆုံးမှုတွေအများကြီးရှိနေကြတယ်။ အဲ့အ ပေါ်မှာ သူ့ရဲ့တပ်သားလိုအပ်ချက်တွေ အရမ်းများလာတယ်။ အဲ့အပေါ်မှာ တပ်သားလိုအပ်ချက်တွေရှိလာတဲ့အချိန်မှာမှ ဒီဥပဒေကို ထုတ်ပြန်လိုက်တယ်ဆိုတော့ ဒါကနိုင်ငံတကာရဲ့ရန်ကိုကာကွယ်တဲ့အတွေးအခေါ်မဟုတ်ဘူး။ ရည်ရွယ် ချက်မဟုတ်ဘူး။ ပြည်တွင်းစစ်အချင်းချင်းကို နှိပ်ကွပ်လို့ရအောင် ရည်ရွယ်တဲ့ဒီ ဥပဒေဖြစ်တယ်လို့ အဲ့လိုပဲမြင်တယ်။

နောက်တစ်ချက်က ကျနော်တို့နိုင်ငံထဲမှာ အသက်အရွယ်အပိုင်းခြားက ၁၈ ကနေ ၃၅ သည် လူငယ်အသက် အရွယ် အပိုင်းအခြားဖြစ်တယ်။ ကျနော်တို့နိုင်ငံသားတိုင်းက စစ်မှုမထမ်းမနေရဆိုတော့ ဒီ ၁၈ နှစ်ကနေ ၃၅ နှစ်အထိ ကျနော်တို့ လူငယ်နိုင်ငံသားတွေအားလုံးသည် မင်းတို့တော်လှန်ရေးလုပ်ရင်လုပ် မလုပ်ရင် သူ့လူလုပ်ဆိုတဲ့ ရိုးရိုးသာမန် လူငယ် ဘဝကို လုံးဝမရှိတော့ဘူး။ ဆိုလိုတာက မင်းလူမဟုတ်ရင်ငါ့လူပဲ။ အဲ့လိုအခြေအနေမျိုးကိုရောက်နေတယ်။ အခြေအနေက တော်တော်လေးကိုဆိုးရွားနေတဲ့အခြေအနေလို့ကျနော်တို့ပြောလို့ရတယ်။

အဲ့တာကြောင့်မို့ ကျနော်တို့ရဲ့ အမြင်သဘောထားကတော့ နဂိုကတည်းကငြိမ်းချမ်းရေးနဲ့ စားပွဲဝိုင်းပေါ်မှာ ဆွေးနွေးကြမယ်ဆိုတာ ကျနော်တို့ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးကနေ ၂၀၁၂ ကနေပြီးတော့ ၂၀၂၁ ဇန်နဝါရီလ ၃၁ ရက်နေ့အထိကို သည်းခံစိတ်ရှည်ခြင်းနဲ့ ကျနော်တို့ဆောင်ရွက်ခဲ့တယ်။ ဒါက ကျနော်တို့သဘောထားဖြစ်တယ်။ အခုလို သူလုပ်လိုက်တဲ့အရာသည် လုံးဝကိုမတရားတဲ့လုပ်ရပ်တစ်ခု လုံးဝကိုလူသားမဆန်တဲ့လုပ်ရပ်တစ်ခုလို့ ကျနော်တို့ ဒီလိုပဲ ရှု့မြင်ပါတယ်။

မေး- ဒီ ဥပဒေထွက်လာတဲ့နောက်ပိုင်းမှာ လူငယ်တွေကြားမှာ တော်တော်လေးကိုဂယက်ရိုက်သွားတယ်။ စစ်ကောင်စီ ဘက်ကလည်း မတရားဖမ်းဆီးတာ ပေါ်တာဆွဲတဲ့ ပုံစံမျိုး လုပ်လာတဲ့အပေါ်မှာ ကေအဲန်ယူအနေနဲ့ ဘယ်လိုပြောချင်လဲ။
ခုဏကပြောသလိုပဲ ဒီကိစ္စကမလုပ်သင့် မလုပ်ထိုက်တဲ့အရာဖြစ်သလို ပြည်တွင်းစစ်ဖြစ်တဲ့ တိုင်းရင်းသား အချင်း ချင်း ဆွေးနွေးပြောဆိုရမဲ့အချိန်ဖြစ်တဲ့အပေါ်မှာ သူကအာဏာလည်းသိမ်းတယ်။ တစ်ဖက်ကလည်း အတင်းအဓမ္မစစ်မှု မထမ်းမနေရလည်းထပ်ပြီးထုတ်တယ်။ ဒါတွေကတော့ ပြည်သူတွေရဲ့အခက်အခဲကိုပိုပြီးပိုပြီးတိုးပွားစေတယ်။

အခုအချိန်မှာ ၂၀၂၁ ကနေ ယနေ့အချိန်ထိက ပြည်တွင်းစစ်က ပိုပြီးပြင်းထန်လာတဲ့အပေါ်မှာ ပြည်သူလူထုလည်း ပိုပြီး ဒုက္ခရောက်လာတဲ့အချိန်မျိုးမှာ သူကဒါကိုထပ်ပြီးတော့ လုပ်လိုက်ချင်းအားဖြင့် တိုင်းပြည်ကို နွံထဲမကဘဲ အဝီစိ ထဲရောက် အောင်တွန်းပို့နေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ပဲ ကျနော်တို့ဒီလိုမျိုးပဲပြောချင်တယ်။

မေး- ဒီဥပဒေကို မလိုက်နာချင်တဲ့ စစ်မှုမထမ်းချင်တဲ့လူငယ်တော်တော်များများ အခုရှောင်ပြေးတာတွေ လုပ်လာ ကြတယ်။ အဲ့လူငယ်တွေကိုရော ကေအဲန်ယူအနေနဲ့ ဘာပြောချင်လဲ။
လူငယ်တွေဆိုတာ တိုင်းပြည်ရဲ့အင်အားပါပဲ။ တိုင်းပြည်တစ်ပြည်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် လူငယ်တွေကမရှိမဖြစ်ပဲ။ အဲ့တာကြောင့်မို့လို့ လူငယ်တွေကို သူတို့အဲ့လိုမလုပ်သင့်ဘူးဆိုတာလည်း ပြောချင်တယ်။

နောက်တစ်ချက်က ဒီလူငယ်တွေက ရှောင်ပြေးတော့မယ်ဆိုရင် ကျနော်တို့မှာက အတွေ့အကြုံ ဖြတ်သန်းမှု အများကြီး ရှိပါတယ်။ ဒီမြန်မာနိုင်ငံရဲ့ နိုင်ငံရေးသမိုင်းထဲမှာ ပြည်တွင်းထဲက နိုင်ငံရေးမတည်ငြိမ်မှုဖြစ်တိုင်း ကျနော် တို့ဆီကို ရောက်လာကြတယ်။ နိုင်ငံရေးအင်အားစုတွေ လူငယ်လူရွယ်တွေဟာ ၃ ကြိမ်ထက်မနည်းရှိခဲ့ပါတယ်။ အဲ့တာ ကြောင့်မို့ ကေအဲန်ယူ ဘက်ကနေ ကျနော်တို့ ဖက်ဒရယ်ကိုတည်ဆောက်မယ်၊ တန်းတူအခွင့်အရေးတွေယူကြမယ် တောင်းဆိုတယ်။ ဆိုတော့ ဒီလူငယ်ပဲလည်း ကျနော်တို့နဲ့ နည်းတူ တန်းတူအခွင့်အရေးရရှိဖို့ သူတို့ရဲ့ ဘဝကိုသူ တို့ကိုယ်တိုင်ဖန်တီးဖို့ ကျနော်တို့လည်းပဲ ကျနော်တို့ရဲ့ဘဝ ကျနော်တို့ရဲ့လူမျိုးကို တန်းတူအခွင့်အရေးရရှိဖို့ ကိုယ်ပိုင်ပြ ဌာန်းခွင့်ရရှိဖို့၊ ကိုယ်ပိုင်ဖန်တီးနိုင်ဖို့ အဲ့တာလည်း ကျနော်တို့ကြိုးစားနေတဲ့အပေါ်မှာ ဒီလူငယ်တွေအတွက်လည်း ကျနော်တို့ အားလုံးထည့်စဉ်းစားတယ်။

ဒါပေမဲ့ဘယ်လိုမျိုးသူတို့ကိုကူညီဆောင်ရွက်သွားမလဲဆိုတာကတော့ ကျနော် တို့လောလောဆယ်ဖြေရတာတော့ ခက်တယ်။ ရုတ်တရက်ဖြစ်လာတဲ့အခြေအနေတစ်ခုမှာ ချက်ချင်းကြီး ဘယ်လိုကိုင် တွယ်ဆောင်ရွက်မလဲဆိုတာကတော့ အတည်အကျတော့ပြောလို့မရဘူး။ ကူညီဆောင်ရွက်မှုကတော့ အမြဲတမ်း လုပ်နေပါတယ်။ ၂၀၂၁ က အခြေအနေထက်ပိုပြီးစနစ်ကျတဲ့ ဆောင်ရွက်မှုမျိုးကို ကျနော်တို့စီမံချက် ရေးဆွဲနေဆဲဖြစ်တယ်ဆိုတာကိုတော့ ပြောချင်ပါတယ်။

မေး- အခုလတ်တလောမှာလည်း ကေအဲန်ယူနယ်မြေထဲကို ခိုလှုံဖို့ပြောသလို ဝင်လာကြတာ၊ ဆက်သွယ်လာတာလည်း ရှိတယ်။ တကယ်လို့များအလုံးအရင်းနဲ့ ဝင်လာမယ်ဆိုရင် ကေအဲန်ယူ အနေနဲ့ ဘယ်လိုစဉ်းစား ထားချက်တွေ စီမံထား တာတွေရှိလဲ။
ကေအဲန်ယူရဲ့ နိုင်ငံရေးရည်ရွယ်ချက်က တစ်နိုင်ငံလုံးအတွက် ဖြစ်တယ်။ တစ်နိုင်ငံလုံးအတွက် တန်းတူအခွင့် အရေးရရှိဖို့အတွက်ဖြစ်တယ်။ ဖိနှိပ်ခံဘဝက လွတ်မြောက်ဖို့အတွက် ဖြစ်တယ်။ ဆိုတော့ ကျနော်တို့ဒီလိုမျိုး ရည်ရွယ်ချက် ဒီလိုမျိုးစိတ်ရင်းစေတနာရှိသော်များလည်း တကယ့်တကယ်ဆောင်ရွက်တဲ့နေရာမှာ ကျနော်တို့ ကေအဲန်ယူတစ်ဖွဲ့ ထဲနဲ့ လုပ်လို့မရပါဘူး။ ဆိုတော့ နိုင်ငံတကာအဖွဲ့အစည်းနဲ့ ကျနော်တို့ဆွေးနွေးတိုင်ပင်မှုတွေ လုပ်ဖို့လည်း လိုအပ်ပါတယ်။ ထောက်ပံ့ကူညီမှုတွေကလည်း မှန်မှန်ကန်ကန်ရရှိနိုင်ဖို့အတွက်လည်း ကြိုးစားဆောင်ရွက်ဖို့လိုပါတယ်။

တစ်ဖက်ကလည်း ထွက်ပြေးတိမ်းရှောင်လာမဲ့ လူငယ်လေးတွေအတွက်လည်း ဘယ်လိုမျိုးနေရာ ချထားပေးမလဲဆိုတာ အစီအစဉ်တွေ ရေးဆွဲထားဖို့လည်းရှိပါတယ်။ အဲ့ဒါကြောင့်မို့ တစ်နိုင်ငံလုံး မှာစစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန် နေတဲ့သူတွေ အားလုံးစုပေါင်းပြီးတော့ ဒီကိစ္စကို ကေအဲန်ယူနယ်မြေတစ်ခုထဲမကဘဲ အခြားသော ERO ဒေသထဲမှာ ရှိနေတဲ့ ERO ခေါင်းဆောင်တွေနဲ့လည်း ကျနော်တို့ဆက်သွယ်ပြီးဆောင်ရွက်ဖို့လည်း လိုအပ်ပါတယ်။

အားလုံးက နိုင်ငံတကာကသော်လည်ကောင်း နိုင်ငံတကာရောက်နေတဲ့ နိုင်ငံသားတွေသော်လည်ကောင်း ဒီပြည်တွင်း ထဲမှာရှိနေတဲ့ တတ်နိုင်တဲ့တော်လှန်ရေးကို ထောက်ခံအားပေးတဲ့အစုအဖွဲ့တွေရော စုပေါင်းပြီးမှ ဒီပြဿနာကိုဖြေရှင်းဖို့ ထောက်ပံ့ကူညီဖို့တွေ စုပေါင်းဆောင်ရွက်ဖို့လည်းလိုအပ်တယ်ဆိုတာကို ကျနော်တို့ ဒီလိုပဲ စဉ်းစားထားပါတယ်။

မေး- ဒီလိုမျိုးခိုလှုံမှုတွေ ရှောင်ပြေးမှုတွေ ဖြစ်လာတဲ့အပေါ်မှာ ကိုယ့်နယ်မြေထဲမှာလည်း အများကြီးရှိလာမယ်ဆိုရင် ကိုယ့် အဖွဲ့အစည်းအတွက် စိန်ခေါ်မှုတွေ ဘယ်လိုမျိုးရင်ဆိုင်ရနိုင်လဲလို့ထင်လဲ။ အဲ့အတွက်ရော နိုင်ငံတကာကနေ ဘယ်လို ကူညီထောက်ပံ့မှုတွေပေးသင့်တယ်လို့ရော ယူဆလဲ။
ဒီကိစ္စက မြန်မာနိုင်ငံရဲ့ကိစ္စတစ်ခုထဲမဟုတ်တော့ဘူးဆိုတာ သေချာနားလည်ဖို့လည်းလိုအပ်တယ်။ မြန်မာနိုင်ငံရဲ့ပြဿနာ မြန်မာနိုင်ငံရဲ့ နိုင်ငံသားတွေပဲ ဖြေရှင်းမယ်ဆိုတာ ဒါတော့မဖြစ်သင့်ဘူး။ ဒါကတော့နိုင်ငံတကာရဲ့ ပထဝီနိုင်ငံရေး အနေအထားရ ဆက်စပ်မှုတွေအများကြီးရှိပါတယ်။ အဲ့ဒါကြောင့်လည်း နိုင်ငံတကာက ဝိုင်းစဉ်းစားပေးဖို့သင့်တယ်။

အခုဟာက ထောက်ပံ့ကူညီမှုက တိတိကျကျ ပြောဆိုဆွေးနွေးမှုတော့မရှိသေးဘူး။ ဒါပေမဲ့ နိုင်ငံတကာက အစု အဖွဲ့တွေ၊ နိုင်ငံတကာကအစိုးရတွေ၊ နိုင်ငံတကာက NGO တွေ ဒါတွေကို ကျနော်တို့ သူတို့နဲ့သေသေချာချာ ဆက်သွယ် ပြီးမှ စကားပြောဖို့လည်းလိုအပ်သလို ပြည်တွင်းထဲမှာရှိနေတဲ့ အစုအဖွဲ့တချို့နဲ့လည်း အစုအဖွဲ့ဆိုတာက NGO တွေ၊ CSO တွေနဲ့ လည်း ဆွေးနွေးတိုင်ပင်မှုတွေ လုပ်ဖို့လည်းလိုအပ်တယ်။ အဲ့လိုမျိုး ဆောင်ရွက်ပြီးမှ ထောက်ပံ့ကူညီမှုကို ရရှိဖို့ ဆောင်ရွက်ရင်းနဲ့ စနစ်တကျနဲ့ ဒီလူငယ်တွေကို ကူညီဖေးမသွားမယ်ဆိုတာ ကျနော်တို့ စဉ်းစားထားတာရှိပါတယ်။

နိုင်ငံတကာအစိုးရတွေ ဒီကိစ္စသည် မြန်မာနိုင်ငံရဲ့အရေးပဲဖြစ်သည်။ ငါတို့အရေးမဟုတ်ဘူးဆိုတဲ့ဟာက နံပါတ် ၁ စိန်ခေါ်ချက်ဖြစ်တယ်။ နောက်ပြီးတော့ ထောက်ပံ့ကူညီမှုပေးတဲ့နေရာမှာလည်း (G To G (Government to Government) ဆိုတဲ့သူတို့ရဲ့သဘောထားတွေက အဓိက စိန်ခေါ်ချက်တစ်ချက်ဖြစ်ပါတယ်။

မေး- အခုလတ်တလောလူငယ်တွေက ဒီလိုမျိုးဥပဒေထွက်လာတဲ့အပေါ်မှာ အရမ်းကြောက် ပြီးတော့မှ ရှောင်ပြေးကြ တယ်။ တချို့ဆိုလမ်းမှာပဲ အဖမ်းခံလိုက်ရတယ်။ ဆိုတော့ အဲ့ဒီလူငယ်တွေကိုရော ကေအဲန်ယူအနေနဲ့ ဘာတွေသတိပေး တာမျိုးအသိပေးချင်တာမျိုးရှိလဲ။
ကျနော်တို့အနေနဲ့က ဝေးကလည်းဝေးတယ်ပေါ့နော်။ အနေကလည်း မနီးကြတော့ ထွေထွေထူးထူးကြီး အကြံပေးဖို့က ခက်တယ်ပေါ့နော်။ သို့သော်လည်း ယနေ့အရေးကြီးဆုံးအရာတစ်ခုဖြစ်တဲ့ (Cyber Security) ဆိုတာ အရမ်းကိုအရေးကြီးပါတယ်။ အင်တာနက်ခေတ်လည်းဖြစ်တယ်။ ကျနော်တို့ဖုန်းတွေသုံးကြတယ်။ စကားတွေပြောဆို ဆက်သွယ်မှုတွေလုပ် ကြတယ်။ အဲ့ဒီဟာက ကိုယ့်လူငယ်တွေက အရမ်းကိုသတိထားစေချင်တယ်။ တစ်ဖက်က ကိုယ့်ကို အတင်းအဓမ္မပြုမဲ့ အုပ်စုကနေ သိသွားတယ်ဆိုရင် သူ့ရဲ့လုံခြုံရေးအရမ်းကို စိုးရိမ်ရတဲ့အခြေအနေဖြစ်သွားမယ်။

အဲ့တာကြောင့်မို့ ကျနော်တို့ အနေနဲ့ သတိပေးချင်တာက အဲ့လိုမျိုး အင်တာနက် ဖုန်းဆက်သွယ်ရေးကို ဆောင်ရွက်တဲ့ အချိန်မျိုးမှာ လုံခြုံရေးကို အရမ်းသတိထားဖို့ အနီးစပ်ဆုံးနဲ့ အလွယ်ကူဆုံးသတိထား ဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတာ ပြောချင်တယ်။ နောက်တစ်ခု က တိမ်းရှောင်တဲ့ အခါမျိုးမှာဆိုရင်လည်း အချိန်လည်းလိုအပ်တယ်။ အရမ်းမလောဖို့ လည်းလိုအပ်တယ်။ အရမ်းလောလို့ ကိုယ်လုပ်လိုက်ရင် တစ်ဖက်ကကိုယ့်ကို စောင့်ပြီးဖမ်းတဲ့ အုပ်စုရဲ့ လက်ထဲ ရောက်သွားနိုင်တယ်။ စိတ်ရှည်ရှည် နဲ့ ဖြည်းဖြည်းချင်းပဲသီးခံပြီးမှ ရှောင်တိမ်းမှုကိုဆောင်ရွက်ပါလို့ပဲ ပြောချင်တယ်။