Home သတင်း စစ်ကောင်စီတပ် ဖမ်းဆီးသွားသည့် တောင်ငူမြို့နယ်၊ ဝက်ခေါက်စိန်ရွာ အုပ်ချုပ်ရေးမှူး နှစ်ပတ်ကျော်ကြာအထိ အဆက်အသွယ်မရ

စစ်ကောင်စီတပ် ဖမ်းဆီးသွားသည့် တောင်ငူမြို့နယ်၊ ဝက်ခေါက်စိန်ရွာ အုပ်ချုပ်ရေးမှူး နှစ်ပတ်ကျော်ကြာအထိ အဆက်အသွယ်မရ

770
Photo- CJ

ဖေဖော်ဝါရီလ ၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ပြီးခဲ့သည့် ဇန်နဝါရီလ တတိယအပတ်က စစ်ကောင်စီတပ်၏ လာရောက်ဖမ်းဆီးခြင်းခံလိုက်ရသော ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ဝက်ခေါက်စိန်ကျေးရွာအုပ်ချုပ်ရေးမှူး နှစ်ပတ်ကျော်ကြာမြင့်သည်အထိ မိသားစုနှင့်အဆက်အသွယ်မရဖြစ်နေကြောင်း နီးစပ်သူများထံမှ သိရသည်။

အင်အား(၅၀)ခန့်ပါဝင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဦးညိုကြီးဟု လူသိများသော ယင်း အုပ်ချုပ်ရေးမှူးအား ဆွေးနွေးစရာရှိသည်ဟုဆိုကာ ပရဟိတအသင်းအဖွဲ့တစ်ခုမှကားဖြင့် လာရောက် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ယနေ့ထက်ထိ အဆက်အသွယ်ပြတ်တောက် သွားခြင်းဖြစ်သည်ဟု မိသားစုဝင်များနှင့်နီးစပ်သည့် အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ပြောသည်။

၎င်းက “ဒီနေ့နဲ့ဆို (၁၈)ရက်မြောက်နေ့ဖြစ်သွားပြီ ဆွေးနွေးစရာရှိတယ်ဆိုပြီး ပရဟိတ ကားနဲ့လာ ခေါ်သွားတာ သူတစ်ယောက်တည်းအဖမ်းခံရတာ အခုထက်ထိ မိသားစုလည်း အကြောင်းကြား မလာဘူး။ ဘယ်စခန်းကိုခေါ်သွားလဲလည်း မသိရဘူး။” ဟု ကေအိုင်စီသို့ ပြောသည်။

ဦးညိုကြီးဖမ်းဆီးမခံရခင် ကျေးရွာအတွင်း ပြည်သူ့စစ်အင်အားတောင်းရမ်းသည့်ကိစ္စဖြင့် စစ်ကောင်စီနှင့် စည်းဝေးပြောဆိုမှုလည်းရှိခဲ့ပြီး နောက်(၃)ရက်အကြာတွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်ဟု နီးစပ်သူများထံမှ သိရသည်။

နောက်ထပ် နီးစပ်သူတစ်ဦးကလည်း “ရွာမှာပြည်သူ့စစ်စုဆောင်းတဲ့ကိစ္စ အစည်းအဝေးလုပ်သေးတယ်။ အစည်းအဝေးမလုပ်ခင်တုန်းက စစ်တပ်က သူနဲ့အရင်ညှိသေးတယ်ပြောတယ်။ သူက အဲဒီမှာ သူ့အနေနဲ့ တော့ တာဝန်ယူပေးလို့မရဘူးပေါ့။ ရွာသားတွေသဘောအတိုင်းပဲ ကျန်တာတော့ ဘာမှလုပ်လို့မရဘူးလို့ ပြောလိုက်တယ်။ အဲဒီကိစ္စလား၊ တခြားလားလို့တော့ စဥ်းစားစရာရှိတယ်။ လာဖမ်းတာ နေ့ခင်းပိုင်းဆို တော့ လုံခြုံရေးအတွက်သိပ်တော့စိုးရိမ်စရာမရှိဘူး ထင်တယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလလယ်ပိုင်းက စစ်ကောင်စီတပ်များသည် ပဲခူးတိုင်းဒေသကြီး မြို့နယ်၊ ကျေးရွာ အနှံ့အပြားတွင် ပြည်သူ့စစ်သင်တန်းပေးရန် အင်အားစုဆောင်းမှုများလုပ်ဆောင်ရာတွင် တောင်ငူမြို့ နယ်သည်လည်း တစ်ခုအပါအဝင်ဖြစ်ခဲ့ပြီး နေပူကုန်း၊ ကျွန်းကုန်း အစရှိသည့်ကျေးရွာများမှ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများနှင့် လှည့်လည်တွေ့ဆုံ၍ လူအင်အားတောင်းရမ်းခဲ့ကြသည်ဟု ဒေသခံများက ပြောသည်။

ထို့အတူ စစ်ကောင်စီသည် ၎င်းတို့နှင့်ဆန့်ကျင်ဘက် ရပ်တည်ကြသော၊ ပြည်သူ့စစ်သင်တန်း မတက်လို သော ကျေးရွာများအား ခြိမ်းခြောက်ငွေတောင်းခံခြင်းများရှိခဲ့သည့်အပြင် ရွာလုံးကျွတ် နေအိမ်မီးရှို့ ဖျက်ဆီးခြင်းများလည်း လုပ်ဆောင်ခဲ့ကြကြောင်း ပဲခူးတိုင်းသတင်းအရင်းအမြစ်များအရ သိရသည်။