Home သတင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် ရေးမြို့နယ်တွင်း ကလေးငယ်၂ ဦးအပါအဝင် ၅ ဦးဒဏ်ရာရ

စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် ရေးမြို့နယ်တွင်း ကလေးငယ်၂ ဦးအပါအဝင် ၅ ဦးဒဏ်ရာရ

138
Photo-CJ

ဖေဖော်ဝါရီလ ၉ ရက်၊၂၀၂၄ ခုနှစ်။ကေအိုင်စီ

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ကျုံလောင်ရွာဟောင်းအတွင်းသို့ စစ်ကောင်စီ၏ အမြှောက်တပ်(အမတ-၃၁၆) တပ်ရင်းမှ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် လက်နက်ကြီး ပစ်ခတ်ခြင်းကြောင့် ကလေးငယ် ၂ ဦးအပါအဝင် အရပ်သား ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့-YGF ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက် ၁၀ နှစ်အရွယ် ကလေးငယ် နှစ်ဦး နှင့် အရပ်သား (၅) ဦးကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးမှာဒဏ်ရာပြင်းထန်သည့်အပြင် နေအိမ် ထိခိုက်မှုများလည်းရှိခဲ့သည်ဟု ရေးပြောက်ကျားတပ်ဖွဲ့-YGF ၏ တာဝန်ရှိသူက ယခုလို ပြောသည်။

“စကစရဲ့ အမြှောက်တပ် (၃၁၆) တပ်ရင်းကနေကျေးရွာထဲကို လက်နက်ကြီး ပစ်ခတ်ခဲ့တယ်။ အရပ်သားထိခိုက်တာက စုစုပေါင်း ၇ ယောက်ပေါ့။ ကလေး နှစ်ယောက်ပါတယ်။ နှစ်ယောက်ကတော့ ထိခိုက်မှုနည်းနည်းများတယ်။ သေဆုံးတော့မရှိဘူး။ ရွာထဲက နေအိမ်ထိတာလည်းရှိတယ်”ဟု YGF တာဝန်ရှိသူက ကေအိုင်စီသို့ ပြောသည်။

Photo-CJ

ထိုသို့ စစ်ကောင်စီတပ်၏ အမြှောက်တပ်မှ ကျေးရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် ကျေးရွာထဲရှိ ဒေသခံပြည်သူများအနေဖြင့် ဘေးကင်းသည့် ကိုင်းခြံမြေများထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟုလည်း အမည်မဖော်လိုသူ ကျုံလောင်းရွာသားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “တိုက်ပွဲသံလည်းမကြားရဘဲနဲ့ သူတို့စခန်းကုန်းကနေ လက်နက်ကြီး ဆက်တိုက်ပစ်ထည့်နေတယ်။ မနေ့ညက ကလေးတွေလည်း ထိတော့ ရွာကလူတွေ ထပ်ထိမှာစိုးလို့ ရွာအပြင်ဘက်က ကိုင်းတောတွေဘက်ကို ထွက်ပြေး ကြပြီး။ ဒီနေ့တော့ ပြန်တဲ့သူကတော့ ပြန်နေကြပြီး။ မပြန်ဘဲနေတဲ့ သူတွေလည်းရှိနေသေးတယ်။ အခုတော့အသံ ပြန်ငြိမ်နေတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်၏ တပ်ရင်းစခန်းကုန်းမှ ကျေးရွာများထဲသို့ လက်နက်ကြီးပစ်ခတ်ခြင်းသည် အဆိုပါ ရေးမြို့နယ်တွင်သာမက အခြားသော ကရင်ပြည်နယ်အတွင်းရှိ ကေအဲန်ယူ ထိန်းချုပ်ရာ တပ်မဟာနယ်မြေ အသီးသီးတွင်လည်း အလားတူ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများအပြင် လေကြောင်းပစ်ကူများကြောင့် အရပ်သားထိခိုက် သေဆုံးမှုဖြစ်ရပ်များလည်း လစဉ်နီးပါး ဖြစ်ပွားနေလျက်ရှိသည်။