Home သတင်း ငွေလိမ်ဂိုဏ်းနှင့် ကာစီနိုလောင်းကစားလုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းတိုက်ဖျက်မည်ဟု ကေအဲန်ယူ ထုတ်ပြန်

ငွေလိမ်ဂိုဏ်းနှင့် ကာစီနိုလောင်းကစားလုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းတိုက်ဖျက်မည်ဟု ကေအဲန်ယူ ထုတ်ပြန်

1138
Photo: CJ

ဖေဖော်ဝါရီလ ၁၄ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ထိုင်း−မြန်မာ နယ်စပ်ဒေသတစ်လျှောက်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် တရားမဝင်ကာစီနိုလောင်း ကစားလုပ် ငန်းများကို အိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းတိုက်ဖျက်သွားမည်ဖြစ်ကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးဗဟိုက ဖေဖော်ဝါရီလ ၁၃ ရက်၊ ယမန်နေ့တွင် ကြေညာချက်ထုတ်ကာ ပြောဆိုလိုက်သည်။

အဆိုပါ ငွေလိမ်ဂိုဏ်းများနှင့် ကာစီနိုလောင်းကစားလုပ်ငန်းများသည် စနစ်ဆိုးများမှ အမြစ်တွယ် ပေါက်ဖွား လာခြင်းဖြစ်သလို ပြည်သူများအပြင် ပါဝင်ပတ်သက်သူများအားလုံးအတွက် လူမှုဒုက္ခမျိုးစုံနှင့် ဒေသတွင်းမ တည်ငြိမ်မှုများ၊ ကမ္ဘာ့နိုင်ငံများ၏ ငွေကြေးဆိုင်ရာလုံခြုံရေးနှင့် စီးပွားရေးဆိုင်ရာ တည်ငြိမ်မှုများကို ခြိမ်းခြောက် နေသောကြောင့် ပူးပေါင်းတိုက်ဖျက်သွားမည်ဟု ကေအဲန်ယူဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကေအဲန်ယူ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက “လောင်းကစားဆိုတာ ကျနော်တို့ ဘယ်လိုမှ ခွင့်မပြုဘူး။ အခုလာတဲ့ အွန်လိုင်းငွေလိမ်တွေဆိုတာ ကျနော်တို့ ကြားတောင်မကြားဖူးတဲ့ဟာတွေ နားလည်းမလည်ဘူး။ အဲ့တာက တကယ့်ကို လူတွေကို တမင်သက်သက် လိုက်လိမ်တယ်။ မတရားတဲ့နည်းနဲ့ ရယူနေတဲ့ကိစ္စတွေ ဘယ်လိုမှ ကျနော်တို့ လက်ခံလို့ မရဘူး။ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်။ တိုက်ဖျက်သွားမယ် ဆိုတဲ့ဟာကတော့ အနီးအနားမှာရှိတဲ့ အိမ်နီးချင်းနိုင်ငံတွေရော၊ ကျနော်တို့ပြည်သူလူထုတွေရော အများဆုံး ခံစားနေရပါတယ်။ ကျနော်တို့ ထဲထဲဝင်ဝင်နဲ့ စိတ်ဝင်တစား လုပ်ဆောင်သွားမယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ အွန်လိုင်းငွေလိမ်ဂိုဏ်းနှင့် အွန်လိုင်းလောင်းကစား၊ ကာစီနိုလုပ်ငန်းများကို အာဏာသိမ်း စစ်ကောင်စီ အနေဖြင့်လည်း တိုက်ရိုက်အကျိုးခံစားခွင့်များရရှိနေ၍ နောက်ကွယ်မှ အကာအကွယ်ပေးထားခြင်းဖြစ်သလို ထောက်ခံနေကြောင်းလည်း ကေအဲန်ယူက ဆိုသည်။

ကရင်ပြည်နယ်အတွင်းရှိ အဆိုပါ အွန်လိုင်းလူလိမ်၊ ကာစီနိုလောင်းကစားလုပ်ငန်းများကို ရွှေကုက္ကိုလ်၊ ကျောက်ခက်၊ မယ်ထော်သလေး၊ မြဝတီနှင့် မင်းလက်ပံ စသည့်နေရာများတွင် တရုတ်နိုင်ငံသားများနှင့် နယ်ခြားစောင့်တပ်(BGF)အပါအဝင် နယ်မြေခံ ကရင့်လက်နက်ကိုင်အဖွဲ့အစည်းများ ပူးပေါင်း၍ အဓိက လုပ်ကိုင်နေကြသည်ဟု စောင့်ကြည့်လေ့လာသူများက ပြောသည်။

ထိုသို့ အွန်လိုင်းလူလိမ်လုပ်ငန်းနှင့် ကာစီနိုလုပ်ငန်းများအပေါ် BGF ဥက္ကဋ္ဌ ဗိုလ်ချုပ်စောထွန်းလှိုင်ကလည်း “သူတို့ရုံးမှာ လာထိုင်ပြီး ကျားဖြန့်လုပ်ငန်းလာလုပ်တယ်ဆိုတာ ကျနော်တို့လည်း ဘယ်နားလည်ပါ့မလဲ။ ကျနော် တို့ကလည်း ပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး တရုတ်တွေကို ပေးမဝင်တော့ဘူး။ ပြန်လွတ်လိုက်တယ်။ ကျနော်တို့ သွားခေါ်တာလည်းမဟုတ်ဘူး။ သူတို့ဖာသာသူတို့လာကြတာ။ ထိုင်းဘက်ခြမ်းကနေ ခိုးကူးလာတယ်။ ခိုးကူး လာပြီးတော့ ထိုင်းနိုင်ငံကလည်း ကျနော်တို့ နိုင်ငံအဆင့်အတန်းထက်ကြီးမားတဲ့အတွက် မကောင်းတာကို ကျနော်တို့ထက်ပိုသိသင့်ပါတယ်”ဟု ပြီးခဲ့သည့် ဇန်ဝါရီလ၂၄ ရက်နေ့က ကေအိုင်စီနှင့် အင်တာဗျူးတွင် ပြောဆိုထားသည်။

Photo: CJ

ထို့အပြင် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အနီးရှိ လောင်းကစားလုပ်ငန်းနှင့် အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်း များနှင့်ပတ်သက်၍ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် သွားနိုင် ရေး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ထိုင်းဘုရင့်တပ်မတော် ပူးပေါင်းစစ်ဆင်ရေးညွှန်ကြားရေး မှူး Lieutenant General Jakkapong Janpengpen အဖွဲ့တို့က နေပြည်တော်တွင် တွေ့ဆုံ ဆွေးနွေးခဲ့ ကြောင်းကို စစ်ကောင်စီ ထိန်းချုပ်ထားသည့် မီဒီယာများတွင် ဖော်ပြခဲ့သည်။

နယ်စပ်ဒေသတစ်လျှောက်တွင် အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့် ကာစီနိုလုပ်ငန်းအများစု ကျယ်ပြန့်စွာ ဖြစ်ပေါ်လာ ခြင်းသည် ယခင်စစ်အစိုးရလက်ထက်က အဆိုပါကိစ္စရပ်များကို တာဝန်ယူမှု၊ တာဝန်ခံမှုမရှိခဲ့ခြင်းကြောင့် ယခုလို ဖြစ်စဉ်များသည် ပိုမိုကျယ်ပြန့်လာခြင်းဖြစ်ကြောင်းလည်း ကေအဲန်ယူ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ကေအိုင်စီသို့ ထောက်ပြ ပြောဆိုသည်။

“အဓိကပြဿနာက မြန်မာပြည်ကို အစဉ်အဆက်အုပ်ချုပ်လာတဲ့အစိုးရတွေက ဒီဟာတွေကို လုံးဝတာဝန် ယူမှုမရှိဘူး။ တာဝန်ယူမှု၊ တာဝန်ခံမှု တရားဥပဒေစိုးမိုးမှုလုံးဝမရှိဘူး။ အဲ့ဒီကိစ္စတွေက နောက်ဆက် တွဲဖြစ်ပေါ် လာတဲ့အကျိုးဆက်တွေပေါ့။ အဲ့ဒါကြောင့်မို့ ဒီလုပ်ငန်းတွေက ကျယ်ပြန့်သထက်ပိုပြီးကျယ်ပြန့်ကာ လုပ်ချင်တိုင်း ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ကိစ္စတွေပဲဖြစ်တယ်။ ဒီနေ့ဒီအချိန်ခါမှာ ကျော်မကောင်း ကြားမကောင်းဖြစ်နေတာက ခုမှဖြစ်နေတာ မဟုတ်ဘူး။ ဒါကဖြစ်နေတာကြာလှပြီး”ဟု ပဒိုစောတောနီးက ဖြည့်စွက်ပြောဆိုသည်။

ထို့အတူ ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက် ရွှေကုက္ကိုလ်မြို့ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့် ကာစီနို လုပ်ငန်းများကို ဖမ်းဆီးမည့်သတင်းများထွက်ပေါ်နေသော်လည်း အဆိုပါ ဒေသတွင်အထပ်မြင့်တိုက်များ တိုးမြှင့်ဆောက်လုပ်ပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းတွင် လုပ်ကိုင်ရန်လည်း အလုပ်သမား သစ်ထပ်မံခေါ်ယူ နေမှုများ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း အမည်မဖော်လိုသူ အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ကေအိုင်စီသို့ ပြောဆိုထားသည်။

တဆက်တည်းတွင် ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီးနှင့်ဖုန်းလိုင်းများကိုဖြတ်တောက်ထားခြင်းနှင့် တိုက်ပွဲဖြစ်ပွား မည်ကို စိုးရိမ်၍ အဆိုပါနယ်မြေတွင် သွားလာလှုပ်ရှားသူများနှင့် နိုင်ငံအသီးသီးမှ နိုင်ငံခြားသားများ၊ ၎င်းတို့ ကုမ္ပဏီများမှ လုပ်ငန်းများရပ်ဆိုင်း၍ နေရပ်ပြန်သွားကြမှုများရှိကြောင်း အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်သူ အလုပ်သမားများ၏ ပြောပြချက်အရ သိရသည်။