Home သတင်း ကော့ကရိတ်မြို့ခံ စစ်ရှောင်များ၏ ဆိုင်ကယ်များကို တော်လှန်ရေးတပ်ဖွဲ့က ပိုင်ရှင်ထံ ပြန်လည်အပ်နှံ

ကော့ကရိတ်မြို့ခံ စစ်ရှောင်များ၏ ဆိုင်ကယ်များကို တော်လှန်ရေးတပ်ဖွဲ့က ပိုင်ရှင်ထံ ပြန်လည်အပ်နှံ

648
Photo: CJ

ဖေဖော်ဝါရီလ ၂၁ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် တိုက်ပွဲကြောင့် စစ်ရှောင်နေရပြီး နေအိမ်အတွင်းကျန်ရှိနေသည့် စစ်ရှောင်ပြည်သူများ၏ ဆိုင်ကယ်များကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ သယ်ထုတ်ပြီး ပိုင်ရှင်ထံ ပြန်လည်အပ်နှံပေးလိုက်ကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ပြောသည်။

အဆိုပါ တော်လှန်ရေးပူး‌ပေါင်းတပ်ဖွဲ့မှ ကော့ကရိတ်မြို့တွင်း တိုက်ပွဲဆင်နွှဲပြီး မြို့အတွင်း တပ်ချထားသည့် နေရာများတွင် စစ်ရှောင်ပြည်သူများ၏ ဆိုင်ကယ်များကို သယ်ထုတ်ပေးပြီးနောက် ပြီးခဲ့သည့် ရက်ပိုင်းက ပိုင်ရှင်ထံ ပြန်လည်အပ်နှံပေးလိုက်ခြင်းဖြစ်ကြောင်း ‌‌ တော်လှန်ရေးရဲဘော်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက”တစ်ချို့မြို့ထဲကပြည်သူတွေတိမ်းရှောင်တာ သူတို့ဆိုင်ကယ်တွေ ကျန်တယ်။ ပစ္စည်းတွေ လည်းကျန်တယ်။ ကျနော်တို့နဲ့ သိတဲ့သူဆိုဆိုင်ကယ်သယ်ထုတ်ပေးဖို့အကူအညီလာတောင်းတယ်။ တစ်ချို့ပိုင်ရှင်မသိတဲ့သူက မြို့နယ်တာဝန်ရှိသူက ပြည်သူကို အသိပေးပြီး ကိုယ့်ပစ္စည်းဆို လာယူခိုင်းတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ သယ်ထုတ်လာသည့် မြို့ခံစစ်ရှောင်ပြည်သူ ဆိုင်ကယ်များကို ပိုင်ရှင်မလာယူမီကာလတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်အချို့က ယူသုံးထားမှုများရှိသည်ဟုလည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

Photo: CJ

တော်လှန်ရေးပူးပေါင်းတပ်မှ ယခုလို ကော့ကရိတ်မြို့တွင်း တိုက်ပွဲဆင်နွှဲပြီး မြို့အတွင်း အထိုင်ချထားမည်ကို မထင်မှတ်ထားသဖြင့် ထွက်ပြေးတိမ်း ရှောင်ချိန်တွင် အရေးကြီးလိုအပ်သည့် ပစ္စည်းကိုသာ ယူဆောင်ခဲ့ရာ ကျန်ပစ္စည်းများ အားလုံးအိမ်၌ကျန်ရစ်ခဲ့ကြောင်း အမည်မဖော်လိုသူ ကော့ကရိတ်မြို့ခံတစ်ဦးက ပြောသည်။

ကော့ကရိတ်မြို့တွင် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားနိုင်သည့်ရပ်ကွက်များ၌ ပြည်သူများ အနေဖြင့် ၎င်းတို့ကျန်ရှိနေသည့်ပစ္စည်းများကို အလှည့်ကျစာရင်းပေး၍ ပြန်သယ်ခွင့်ပြုနေကြောင်း မြို့ခံများ ပြောပြချက်အရ သိရသည်။

ကော့ကရိတ်မြို့ပေါ်တွင် ပြီးခဲ့သည့် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်မှစတင်၍ ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့အထိ တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား မြို့တွင်းတိုက်ပွဲ နေ့စဉ်ဖြစ်ပွားနေဆဲဖြစ်ပြီး တိုက်ပွဲဖြစ်စဉ်အတွင်း အရပ်သားပြည်သူများ၏ နေအိမ်ပေါင်း ၃၀၀ လုံးခန့် မီးလောင်ပျက်စီးသွားပြီးဖြစ်ကြောင်း ကော့ကရိတ်မြို့ဒေသခံများက ပြောသည်။