“ကရင် BGF စခန်းတွေ နောက်ဆုတ်လိုက်ရင် သူ့ရဲ့စခန်းတော်တော်များများက မတိုက်ရဘဲ နောက်ပြန် ဆုတ်ရမယ့်ကိန်းမျိုးတွေ ရှိနိုင်တယ်လို့ ထင်တယ်။ တကယ်လို့သာ BGF က အဲ့လိုမျိုး နောက်ဆုတ်လိုက်ရင် မြန်မာစစ်တပ်အနေနဲ့ စစ်ဆင်ရေးတွေ လုပ်ဆောင်ဖို့ အတော်ခက်သွားပါလိမ့်မယ်။” ISP ၏ ပြည်ပဆက်ဆံဆက်သွယ်ရေး ဒါရိုက်တာ ဦးအောင်သူငြိမ်း
ဖေဖော်ဝါရီလ ၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
“ကရင် BGF စခန်းတွေ နောက်ဆုတ်လိုက်ရင် သူ့ရဲ့စခန်းတော်တော်များများက မတိုက်ရဘဲ နောက်ပြန် ဆုတ်ရမယ့်ကိန်းမျိုးတွေ ရှိနိုင်တယ်လို့ ထင်တယ်။ တကယ်လို့သာ BGF က အဲ့လိုမျိုး နောက်ဆုတ်လိုက်ရင် မြန်မာစစ်တပ်အနေနဲ့ စစ်ဆင်ရေးတွေ လုပ်ဆောင်ဖို့ အတော်ခက်သွားပါလိမ့်မယ်။” ISP ၏ ပြည်ပဆက်ဆံဆက်သွယ်ရေး ဒါရိုက်တာ ဦးအောင်သူငြိမ်း
လတ်တလော ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ် လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)အနေဖြင့် စစ်ကောင်စီထံမှ ရိက္ခာ၊ လစာ မယူဘဲ သီးခြားရပ်တည်သွားမည့် ၎င်းတို့၏ ရပ်တည်ချက်ပြောင်းလဲ လာခြင်းနှင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများအပေါ် နိုင်ငံရေးလေ့လာသုံးသပ်သူလည်းဖြစ်၊ မဟာဗျူဟာ နှင့် မူဝါဒလေ့လာရေးအဖွဲ့ -ISP ၏ ပြည်ပဆက်ဆံဆက်သွယ်ရေး ဒါရိုက်တာတစ်ဦးလည်း ဖြစ်သူ ဦးအောင်သူငြိမ်းအား ကေအိုင်စီ-ကရင်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။
မေး- လတ်တလော ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်(BGF) အနေနဲ့ ရပ်တည်ချက် ပြောင်းလာတဲ့အပေါ်နဲ့ သူတို့ရဲ့ အလားအလာ ခြေလှမ်းတွေကို ကနဦး သုံးသပ်ပေးပါအုံး။
ဖြေ။ ။ ပထမတစ်ချက်ပြောရရင် မြန်မာစစ်တပ်အနေနဲ့ သူတို့ တစ်လျှောက်လုံးမှာသုံးခဲ့တဲ့ မဟာဗျူဟာ ပေါ့ဗျာ။ DDR လို့ ခေါ်တာပေါ့။ လက်နက်ဖြုတ်သိမ်းရေး၊ တပ်ဖွဲ့စည်းမှု ဖျက်သိမ်းရေးနဲ့ ပြန်လည်ပေါင်းစည်းရေး ဆိုတဲ့ အစီအစဉ်မျိုးကို နိုင်ငံတာနဲ့တော့ မတူဘူး။ သူ့နည်းသူ့ဟန်နဲ့တော့ လုပ်ခဲ့တာမျိုးတော့ ရှိတာပေါ့။ ပြီးခဲ့တဲ့ ၈၈ ကစလို့ ပြန်ကြည့်ရင် တချို့ကာလတွေမှာ တချို့အဖွဲ့ကို လက်နက်ချခိုင်းလိုက်တယ်။ ဥပမာ-ရလလဖ တို့ ပါတယ်။ ကယန်းပြည်သစ်တို့ပါတယ်။ ကချင်ဘက်က တချို့အဖွဲ့တွေပါတယ်။ တချို့အဖွဲ့တွေက အဖွဲ့သေးရင် လက်နက်အပြီး ချလိုက်ရတာတွေရှိတယ်။ ဥပမာ- PSLO ပလောင်အဖွဲ့လိုပေါ့။ ဒီလိုမျိုးနဲ့ တစ်မျိုးရှိတယ်ပေါ့ဗျာ။
နောက်တစ်ခါ ၂၀၁၀ ရွေးကောက်ပွဲ နီးလာတဲ့အခါကျတော့ သုံးလာတဲ့ ဗျူဟာက ဘာလဲဆိုတော့ လက်နက်ကိုင် အဖွဲ့တွေကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ဆိုတာမျိုး အတင်းအကြပ် ဖိအားပေး တာမျိုးရှိတယ်။ တချို့အဖွဲ့တွေက လိုက်ပြီးတော့ လက်ခံပြီးတော့ လုပ်လိုက်ကြတဲ့အဖွဲ့တွေရှိတယ်။ တချို့ကျ တော့ လက်မခံတော့ ပြင်းပြင်းထန်ထန် တိုက်ပွဲတွေဖြစ်တယ်။ အထူးသဖြင့် KIO နဲ့ ဖြစ်တာပေါ့။
အခု ၂၀၁၀ ကနေ BGF တို့နဲ့ စလာတာဗျူဟာပေါ့။ အဲ့ဒါက အခုအချိန်မှာ ၂၀၁၀ ကနေ ၂၀၂၄ ဆိုတော့ ၁၄ နှစ်လောက်ရှိပြီး။ အောင်မြင်တဲ့ ဇာတ်လမ်းတစ်ပုဒ်အနေနဲ့ ထုတ်ပြဖို့က မဖြစ်နိုင်တော့တဲ့ အနေအထားမှာ ဖြစ်သွားတာပေါ့။ စစ်တပ်ကနေ သူတို့ အရင်စဉ်းစားထားတဲ့ DDR ပေါ့။ ဒီမဟာဗျူဟာက အလုပ်မဖြစ်ဘူး ၊ ကျဆုံးသွားတယ်လို့ ဆိုနိုင်တာပေါ့။ ပြောရမယ်ဆိုရင် အရင် (ကလလတ)က တပ်ရင်း ၂ ရင်းရှိတယ်။ အခု ပြန်တိုက်တာတွေရှိတယ်။ လက်ရှိ BGF ကိုယ်တိုင်က ခပ်ခွာခွာလုပ်လာတယ်။ ဆိုလိုတာက BGF လိုအဖွဲ့ မျိုးကို လက်နက်ဖြုတ်မယ်၊ အင်အားလျှော့မယ်ဆိုတဲ့ ကိစ္စက မအောင်မြင်ဘူးပေါ့။
ဒါပေမဲ့ သူတို့ဘယ်လိုအနေအထားမျိုးနဲ့ ဆက်လုပ်မလဲဆိုတာကတော့ ပြောရခက်ပါတယ်။ သူတို့ အင် တာဗျူး လုပ်ထားတာတော့တွေ့ပါတယ်။ အင်တာဗျူးတွေ တွေ့ရသလောက် အနေအထားကတော့ တိုက်တော့ မတိုက်ချင်ဘူး၊ သူတို့က ငြိမ်းချမ်းရေးထိန်းသိမ်းတဲ့ တပ်တစ်ခုအနေနဲ့ပဲ နေမယ်ဆိုတဲ့ သဘောမျိုးကို ပိုတွေ့ရပါတယ်။

မေး- ဒီလိုရပ်တည်ချက်ပြောင်းလဲ လာတာကလည်း ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်က လောင်းကစား နဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နှင်းမယ်ဆိုတဲ့ အချက်တွေကြောင့်လို့ သုံးသပ်သူတွေလည်းရှိတယ်။ ဆရာကော ဘယ်လို သုံးသပ်နိုင်မလဲ။
ဖြေ။ ။ ကရင်ပြည်နယ်၊ နယ်စပ်မှာဆိုရင် ရွှေကုက္ကိုလ်က နာမည်ကြီးပေါ့။ ပြီးတော့ KK Park ဆိုတဲ့မြို့ တစ်ခုရှိ သေးတယ်။ အဲ့လို ကိစ္စတွေက တော်တော်လေး ဟိုးလေးတစ်ကျော်ဖြစ်လာတဲ့ အနေအထားဖြစ်တာပေါ့။ အခု အချိန်မှာ ရှမ်းမြောက်ဒေသမှာရှိတဲ့ ကျားဖျန့် လုပ်ငန်းတွေပေါ့၊ အဲ့ဒါတွေနဲ့ ပတ်သက်လို့ အခုလက်ရှိ စစ်ဆင် ရေး တွေဖြစ်တယ်။ တရုတ်နိုင်ငံကို လွှဲပြောင်းပေးလိုက်ရတဲ့ သူတွေရှိတယ်။ ရှမ်းမြောက်ကနေ ပြန်အပ်လိုက်တဲ့ အရေအတွက်က တရုတ်က လက်ခံရရှိတာ သုံးသောင်းကျော်ပေါ့။ အခုလက်ရှိ စစ်ကောင်စီ ထုတ်ပြန်တဲ့ လူဦးရေ ကျတော့ တစ်သောင်းတစ်ထောင်လောက်ရှိတာပေါ့။
ယေဘုယျပြောရရင် မြောက်ပိုင်းက အွန်လိုင်းကျားဖျန့် လုပ်ငန်းတွေက တော်တော်လေး ချည့်နဲ့သွား တယ်လို့ ပြောလို့ရတယ်။ ဒီလိုအနေအထားမှာ ဒီအောင်မြင်မှုကို ဆက်လုပ်မယ်ဆိုရင် ဒီတောင်ပိုင်းကို လာမယ်လို့ လည်းထင်တယ်။ ပြီးတော့ တရုတ်နိုင်ငံက ပြီးခဲ့တဲ့ ၂၀၂၃ ဩဂုတ်လလို့ ထင်ပါတယ်။ ၄ နိုင်ငံ ပူးပေါင်း လုပ်မယ် ဆိုပြီးတော့ Task Force ဖွဲ့တယ်။ ဖွဲ့တော့ မြန်မာပါတယ်၊ လာအိုပါတယ်၊ ကမ္ဘောဒီယားပါတယ် ၊ ထိုင်းပါတယ်။ အဲ့တော့ ဒီလုပ်ငန်းတွေက တောင်ပိုင်းမှာဆက်ရှိနေသေးရင် ဆက်ပြီးတော့ ဖိအားပေးမယ်လို့ ထင်ပါတယ်။ ပြောရမယ်ဆိုရင် အကြပ်အတည်းဖြစ်ကုန်တာပေါ့။
မေး- ဒီလို ရပ်တည်ချက်ပြောင်းလာတဲ့အပေါ်မှာ ကရင်ပြည်နယ်ထဲမှာ အများသုံးသပ်နေသလို မြို့သိမ်းတိုက်ပွဲ တွေ၊ တိုက်ပွဲကြီးတွေ ဖြစ်လာနိုင်ခြေရှိလာနိုင်သလား။ ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ။
ကျနော်တို့ လေ့လာမိသလောက်တော့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက မြန်မာစစ်တပ်က သူ စစ် ဆင်ရေး လုပ်မယ်ဆိုရင် သူ့ဘာသာသူ လုပ်နိုင်တဲ့ အနေအထားခက်သွားတယ်ဗျာ့။ အဲ့တော့ BGF တွေရှိရင် ပူးတွဲပြီးတော့ ရှေ့တန်းထွက်တာတို့၊ စစ်ဆင်ရေး လုပ်တာတို့ စခန်းထိုင်တာတို့ ဒါမျိုးတွေ ရှိတာပေါ့။ တကယ့် လို့သာ ဒီ ကရင် BGF စခန်းတွေ နောက်ဆုတ်လိုက်ရင် သူ့ရဲ့ စခန်းတော်တော်များများက မတိုက်ရဘဲ နောက်ပြန် ဆုတ်ရမယ့်ကိန်းမျိုးတွေ ရှိနိုင်တယ်လို့ထင်တယ်။
နောက်တစ်ခုက တကယ်လို့သာ BGF က အဲ့လိုမျိုး နောက်ဆုတ်လိုက်ရင် မြန်မာစစ်တပ်အနေနဲ့ စစ်ဆင် ရေးတွေ လုပ်ဆောင်ဖို့ အတော်ခက်သွားပါလိမ့်မယ်။ နောက်တစ်ခုက မြို့သိမ်းတိုက်ပွဲတို့ ဆိုတာက ဒီဘက်က နိုင်ငံရေး အင်အားစုတွေနဲ့ နိုင်ငံရေး ဦးတည်ချက်နဲ့ တူတယ်လို့ ထင်တယ်။ တချို့ နေရာတွေမှာတော့ မြို့သိမ်း တိုက်ပွဲကို အားသန်တာပေါ့။ တချို့နေရာကျတော့ မြို့က ဘာလို့ သိမ်းမှာလဲ သူ့ရဲ့ ဘေးပတ်ဝန်းကျင် နေရာတွေကို ထိန်းချုပ်ထားတာက ပိုအရေးကြီးတယ်လို့ သုံးသပ်ချက်မျိုးလည်းရှိမှာပေါ့။ အဲ့အနေအထားမှာတော့ ကေအဲန်ယူက ဘယ်လို ဆုံးဖြတ်မလဲ ဆိုတာကတော့ ကျနော်လည်း မသိနိုင်ဘူး။

မေး- လတ်တလောမှာလည်း ကော့ကရိတ်မြို့ပေါ်မှာ စစ်တပ်ကနေပြီးတော့ လေကြောင်း လက်နက်ကြီးတွေ အမြောက်အများအသုံးပြုပြီးတော့ ပြင်းပြင်းထန်ထန် တိုက်ခိုက်တာကိုတွေ့ရတယ်။ ဒါတွေကို ဘာကြောင့် လုပ်ဆောင်နေရတယ်လို့ သုံးသပ်ပေးနိုင်မလဲ။
ဖြေ။ ။ ကျနော်မြင်တာတော့ ဒီလိုဗျာ့ ရှမ်းပြည်မြောက်ပိုင်းဒေသတွေကတော့ စခန်းတွေကျတယ်။ မြို့တွေ သိမ်းခံရတယ်၊ ဒါမျိုးတွေ ရှိတာပေါ့။ ဒါပေမဲ့ မြန်မာစစ်တပ်ကတော့ သူလုပ်နိုင်တဲ့ အော်ပရေးရှင်းကို လုပ်နိုင်သလောက် ဆက်လုပ်နေတာကိုတွေ့ရတယ်။ နောက်တစ်ခုက ကျနော်တို့ဆီမှာက စစ်တိုင်း ၁၂ ခု ခွဲထားတာကို။ စစ်တိုင်းတစ်ခုစီတိုင်းရဲ့ သူတို့ရဲ့ တုန့်ပြန်မှု သူတို့ရဲ့အစီအစဉ်အတိုင်း သူ့ဘာသူ ဆက်သွား နေတာပေါ့။
နောက်တစ်ခုကျတော့ ကျနော်တို့ ကိုယ်တိုင် မရှင်းတာတစ်ခုက အခုတိုက်နေတာက ကေအဲန်ယူ ကိုယ်တိုင်က ဦးဆောင်ပြီးတော့ သူတို့ရဲ့ စစ်ရေးဦးတည်ချက်နဲ့ လုပ်တာလားပေါ့။ ဒါမှမဟုတ် အခုစစ်ကြောင်း တွေရှိပါတယ်။ အဲ့စစ်ကြောင်းတွေနဲ့အတူ ပါပြီးတော့ တိုက်နေတဲ့ သူတွေက ကေအဲန်ယူတည်း မဟုတ်ဘူး။ ဘယ်လိုမျိုး အခြေအနေမှာ အခုလို ထိုးစစ်ဆင်တာလဲ၊ ဘာကြောင့်ဆင်တာလဲ အဲ့ဒါတော့ ကျနော်လည်း သေချာမလေ့လာရတော့ မပြောတတ်ဘူးပေါ့ဗျာ။
မေး- ဆိုတော့ လက်ရှိ နွေဦးတော်လှန်ရေး နဲ့ ကေအဲန်ယူရဲ့ ရပ်တည်ချက်အပေါ်မှာကော ဘယ်လိုသုံးသပ်မိလဲ။
ဖြေ။ ။ အဲ့ကိစ္စကိုတော့ ကျနော်မဖြေချင်ဘူးဗျာ့။ ဆိုလိုတာက ကေအဲန်ယူအနေနဲ့ တစ်နိုင်ငံလုံးရဲ့ ဒီမိုကရေစီ သူတို့ထောက်ခံတယ်။ နောက်တစ်ခါ သူတို့ရဲ့ ဖက်ဒရယ်ယူနစ်ပေါ့၊ တိုင်းရင်းသား ကိုယ်ပိုင် ပြဌာန်းခွင့် အတွက်လည်း သူလှုပ်ရှားတာရှိတယ်။ ဒါပေမဲ့ ဘယ်လောက်အတိုင်းအတာထိ ပေါင်းစည်းပြီးတော့ ဘယ်လောက် အတိုင်းအတာထိ ညီညွတ်ကြတယ်ဆိုတာကတော့ ကျနော်တော့ မသိနိုင်ဘူး။



















