ဖေဖော်ဝါရီလ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ တောင်ငူခရိုင်၊ သံတောင်မြောက်ပိုင်း(အထူးဒေသ)နယ်မြေရှိ ကန်လှကျေးရွာနှင့် ကြာကန်ကျေးရွာအကြားတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ဖေဖော်ဝါရီလ(၁၀)ရက်နေ့တွင် စစ်ကောင်စီက အိမ်ခြေတစ်ရာနီးပါးသာရှိသော ကန်လှရွာအတွင်း ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်(၅၇)လုံး မီးလောင်ပြာ ကျခဲ့ပြီး ဒေသခံ(၂)ဦး သေဆုံးခဲ့သည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၈)ရက်မှ ဖေဖော်ဝါရီလ(၁၀)ရက်နေ့ ညနေပိုင်းအထိဖြစ်ပွားခဲ့သော စစ်ကောင်စီနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တို့၏ ထိတွေ့တိုက်ပွဲပြီးနောက် စစ်ကောင်စီက အင်အား ထပ်မံဖြည့်တင်းခဲ့ပြီး ကန်လှကျေးရွာသို့ပါ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ဒေသခံတစ်ဦးက “တိုက်ပွဲညနေပိုင်းပြီးတာ ညလည်းမှောင်သွားတော့ စစ်တပ်ဘက်က စစ်ကူရောက်လာတယ် ။ သူတို့လူနာ လည်းကောက်ရင်း ရွာကိုလည်းမီးဝင်ရှို့တယ်။ ရွာမှာအိမ်ခြေက ကိုးဆယ်ကျော်ရှိတာ အကုန်ရှို့တာ၊ လုံးဝပြာ ကျသွားတာက (၅၇) လုံး တချို့ကတော့ အစအနလောက်လေးပဲလောင်တာ။ မလောင်တဲ့ အိမ်တော့မလောင်ဘူး။” ဟု ကေအိုင်စီသို့ ပြောသည်။
စစ်ကြောင်းဝင်လာသော စစ်ကောင်စီတပ်နှင့် KNLA တပ်တို့ ရုတ်တရတ်ထိတွေ့သဖြင့် ဖြစ်ပွားသည့်တိုက်ပွဲ ကြောင့် ရွာရှိဒေသခံများ အသက်လုပြေးခဲ့ရသလို နေအိမ်တွင်ကျန်ရစ်ခဲ့သူ အဘွားအိုတစ်ဦးမှာ မီးလောင်ပြင် ထဲပိတ်မိ သေဆုံးခဲ့ရခြင်းဖြစ်ပြီး စစ်ကောင်စီကလမ်းပြအဖြစ်ခေါ်ဆောင်လာသူ အသက်(၃၀)အရွယ်ရှိ အမျိုးသားတစ်ဦးမှာ တိုက်ပွဲအတွင်း သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“တိုက်ပွဲရုတ်တရက်ဖြစ်တော့ ရွာကလူတွေလည်း ကမန်း ကတန်းထပြေးလိုက်ရတယ်။ ပါသွားတဲ့ အဘွားက အစကတည်းကလေဖြတ်နေတာ၊ သူ့မိသားစုက စစ်တပ်ကို အိမ်မီးမရှို့လောက်ဘူးထင်ပြီးတော့ အိမ်တံခါးပိတ်ပြီး ဒီတိုင်းထားခဲ့လိုက်ရာကနေ မီးထဲပါသွားတာပဲ။ ” ဟု သေဆုံးသူ မိသားစုနှင့်နီးစပ်သူဒေသခံက ပြောသည်။
နေအိမ်မီးရှို့ဖျက်ဆီးမှုအတွင်း ထိခိုက်ဒဏ်ရာရရှိသူမရှိသော်လည်း တိုက်ပွဲကြောင့် ရွာရှိဒေသခံများအားလုံး လက်ရှိအချိန်ထိ ဘေးလွတ်ရာမြို့ရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများကပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီပိုင်းကလည်း စစ်ကောင်စီသည် တောင်ငူခရိုင်အတွင်း ရေတာရှည်မြို့နယ်၊ ထန်းတ ပင်မြို့နယ်တို့မှ ကယားပြုံးချောင်း၊ ရှမ်းပြုံးချောင်း၊ မရိုးခုံ၊ သဖန်းဇင်ကျေးရွာမှ နေအိမ်များအား တော်လှန်ရေး လုပ်ဆောင်သူများနှင့်ဆက်နွယ်နေသည်ဟု စွပ်စွဲကာ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ရာတွင် နေအိမ်စုစုပေါင်း (၁၀၀) ထက်မနည်း မီးလောင်ပျက်စီးခဲ့ရပြီး ဖြစ်သည်။

















