Home သတင်း နေအိမ်(၅၀)ကျော် မီးလောင်ပြာကျခဲ့ရသည့် သံတောင်ကြီးဒေသခံများ စားနပ်ရိက္ခာ လိုအပ်

နေအိမ်(၅၀)ကျော် မီးလောင်ပြာကျခဲ့ရသည့် သံတောင်ကြီးဒေသခံများ စားနပ်ရိက္ခာ လိုအပ်

337
Photo: CJ

ဖေဖော်ဝါရီလ ၂၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်(အထူးဒေသ)တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၁၀)ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့များနှင့်စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဘက်မှ မီးရှို့ခြင်းကြောင့် နေအိမ်(၅၇)လုံးမီးလောင်ပြာကျခဲ့ရသော ကန်လှရွာမှ ဒေသခံများမှာ လက်ရှိတွင် စားနပ်ရိက္ခာလိုအပ်လျက်ရှိကြောင်း သိရသည်။

သက်ကြီးရွယ်အိုတစ်ဦး သေဆုံးခဲ့ရသော ကန်လှရွာလုံးကျွတ်နီးပါး နေအိမ်မီးရှို့ခံရမှုအပြီးတွင် ထိုအိမ်ပိုင်ရှင်များမှာ ကိုယ်ထူကိုယ်ထ နေအိမ်ပြန်ဆောက်လုပ်နေကြသော်လည်း အိုးအိမ်မဲ့သွားသူ လူပေါင်း(၂၀၀)အတွက် စားနပ်ရိက္ခာလိုအပ်လျက်ရှိသည်ဟု နယ်ခံများက ပြောသည်။

သံတောင်ကြီးမြို့နယ်နေထိုင်သူ ဒေသခံတစ်ဦးက “လက်ရှိကတော့ အိမ်တွေပြန်ဆောက်ဖို့ ခွင့်ပြု ထားတဲ့တောတွေထဲက သစ်ဝါးခုတ်ပြီး အိမ်ပြန်ဆောက်နေကြတယ်။ နေ့ခင်းဆိုရင်အိမ်ပြန်ဆောက် ညနေဆိုရင်တော့ ယာယီနေတဲ့နေရာတွေမှာပြန်နေပေါ့။ နီးစပ်ရာ အသိတွေက ဘုန်းကြီး ကျောင်းတွေကနေတဆင့် လှူတာရှိတယ် ဆိုပေမဲ့ နည်းနည်းပါးပါးပဲ။” ဟု ၎င်းက ပြောသည်။

ကန်လှရွာခံများသည် တိုက်ပွဲဖြစ်ပွားချိန်က ရုတ်တရတ်တိမ်းရှောင်ထွက်ပြေးရသဖြင့် မိမိတို့ပိုင် ပစ္စည်းများ ထုပ်ပိုးသယ်ယူနိုင်ခြင်းမရှိသလို လက်ရှိ အိမ်ပြန်ဆောက်လုပ်နေစဥ်တွင်လည်း ယာယီပြု လုပ်ထားသော တာလပတ်အမိုးဖြင့်မိုးပြီး အကာအရံမရှိသည့် နေရာများတွင် နေထိုင်နေရကြောင်း စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။

Photo: CJ

“အိမ်ပြန်မိုးဖို့ အိမ်တစ်လုံးလုံးပြန်မဆောက်နိုင်တဲ့သူတွေဆိုရင် ယာယီနေဖို့အမိုးအကာ လိုတာပေါ့။ အခုချိန်က စိုက်ပျိုးသီးနှံရိတ်သိမ်းပြီးချိန်ဆိုတော့ သိပ်ပြီးအလုပ်မရှိဘူးလေ။ ရွာသားတွေကို ကျနော်မေးကြည့်တာတော့ နေစရာက သူတို့ဘာသာလောလောဆယ် ဖြေရှင်းလို့ရသေးတယ် တဲ့ စားစရာကအဓိကပါပဲ” ဟု အထက်ပါ ဒေသခံအမျိုးသားက ဆက်ပြောသည်။

ဖေဖော်ဝါရီလ အစောပိုင်းက ကန်လှရွာနှင့်ကြာကန်ကျေးရွာအကြားတွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရရှိသူ ၎င်းတို့တပ်ဖွဲ့ဝင်များအား လိုက်လံခေါ်ယူစဥ် အိမ်ခြေ(၁၀၀)ရာ နီးပါးသာရှိသော ကန်လှရွာသို့ တပါတည်းဝင်ရောက်ကာ ထိုကဲ့သို့နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

စစ်တပ် အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းအထိ နိုင်ငံတစ်ဝှမ်း စစ်တပ်၏ မီးရှိုဖျက်ဆီးခြင်းခံရသော အရပ်သားပြည်သူပိုင်နေအိမ် စုစုပေါင်း (၇၈,၀၀၀) ခုနှစ်သောင်းရှစ် ထောင် ကျော် ရှိနေကြောင်း Data for Myanmar အဖွဲ့၏ မှတ်တမ်းပြုစုချက်များအရ သိရသည်။