ဒေါနတနင်္သာရီစစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့မှ မြေပြင်တာဝန်ခံနှင့် မေးမြန်းချက်
(ဖေဖော်ဝါရီလ ၁၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ)
“အဓိက ကူညီပေးနေတဲ့အဖွဲ့အစည်းဆိုလို့ ကျနော်တို့ ပြည်သူလူထုတွေပဲရှိတယ်။ တခြားနိုင်ငံတကာ NGO တွေကနေပြီးတော့ ကူညီပေးနေတာမျိုး၊ ထောက်ပံ့ပေးနေတာမျိုးကတော့ တော်တော်လေးပမာဏနည်းတဲ့အထဲမှာ ရှိတယ်။”
၂၀၂၃ ခုနှစ်အတွင်း အာဏာသိမ်းစစ်ကောင်စီမှ တနင်္သာရီမြို့နယ်တွင် ပထမဆုံးအကြိမ် လေကြောင်း ဖြင့် လာရောက်ပစ်ခတ်မှုများအပြင် စစ်ဘေးရှောင်များ၏ ဆေးဝါးလိုအပ်ချက်၊ စားနပ်ရိက္ခာ လိုအပ်ချက်များနှင့်ပတ်သက်ပြီး ဒေါနတနင်္သာရီစစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့မှ မြေပြင်တာဝန်ခံ ကိုယောနသံ နှင့် ဆက်သွယ်မေးမြန်းထားသည်။
မေး-အခုတလော တနင်္သာရီမြို့နယ်ဘက်မှာ စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင် လာတာ တွေ့တယ်။ အခုတနင်္သာရီမြို့နယ်ထဲက လေကြောင်းတိုက်ခိုက်မှု အပါအဝင် စစ်ရေး အခြေအနေနဲ့ပတ်သက်ပြီး ပြောပြပေးပါအုံး။
ကျနော်တို့မှာကတော့ လေကြောင်းတိုက်ခိုက်မှုကတော့ ပထမဆုံးကြုံတွေ့ရတဲ့ အခြေအနေ မျိုးမှာ ဖြစ်နေတယ်။ ပြီးခဲ့တဲ့ကာလတွေမှာလည်း ကျနော်တို့ လေကြောင်းနဲ့ ပတ်သက်ပြီးတော့မှ ကြိုတင် ကာကွယ်ဖို့အတွက်ကတော့ ပြောနေကြဆိုနေကြတာတွေမျိုးတော့ရှိတယ်။ ဒါပေမဲ့ ကြိုတင် ပြင်ဆင်တာမျိုးတွေကို ထိထိရောက်ရောက်လုပ်နိုင်တာခြင်းမရှိတော့ အခုလို ရင်ဆိုင်ရတဲ့အချိန်မှာ ပိုပြီးတော့ အခက်အခဲတွေ့ကြရတယ်။ အခုကတော့ လေကြောင်းတိုက်ခိုက်မှုတွေကလည်း ခပ်စိပ်စိပ်ဖြစ်လာတယ်။ ပြီးတော့နောက်ထပ်လည်း အခုထက်ပိုပြီးဆိုးတဲ့ အခြေအနေအထိ ကြုံလာရနိုင်တဲ့အခြေနေမျိုးရှိတယ်ဆိုတော့ လေကြောင်းနဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေ အသိပညာပေးလုပ်ငန်းတွေ လုပ်နေတာမျိုးတော့ရှိပါတယ်။
မေး-အခုဆို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်လာတော့ ဒေသခံတွေရဲ့ အသက်အိုးအိမ် ထိခိုက်ဆုံးရှုံးမှုတွေကော ဘယ်လိုရှိပါသလဲ။
ဒီအခြေနေတွေနဲ့ပတ်သက်ပြီးတော့ ကျနော်တို့အနေနဲ့အတိအကျတော့ မသိရသေးဘူး။ ပြီးတော့လည်း သူတို့ အနေနဲ့က အခုလောလောဆယ်မှာ အရပ်သားပစ်မှတ်တွေကို ဦးတည်ပြီး တိုက်ခိုက်တာမျိုးထက် စစ်ရေးပစ်မှတ်တွေကိုပဲဦးတည်ပြီး တိုက်ခိုက်တဲ့အခြေအနေမျိုးမှာရှိနေတယ်။ ဆိုတော့ အရပ်သားထိခိုက်မှုကတော့ နည်းနေသေးတယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ စစ်တပ်ဘက်က အထိနာလာလို့ရှိရင်တော့ နောက်ပိုင်းဆိုရင် အရပ်သားပစ်မှတ်တွေကို ပိုပြီးတော့ တိုက်ခိုက် လာနိုင်တဲ့အခြေနေမျိုးမှာရှိတယ်လို့ ကျနော်တို့ခန့်မှန်းတယ်။
ကျနော်တို့ စစ်ဘေးရှောင်စခန်းတွေ စစ်ဘေးရှောင်နေတဲ့ဒေသတွေ စစ်ဘေးရှောင် မဟုတ်သော်လည်း အရပ်သားတွေနေတဲ့နေရာတွေ ပြီးတော့သာသနာရေး အဆောက်အအုံတွေ ပြီးတော့ စာသင်ကျောင်းတွေ ဒီလိုမျိုးနေရာတွေကိုတော့ နောက်ပိုင်းမှာ တိုက်ခိုက်လာနိုင်တဲ့ အနေ အထားမျိုးတွေရှိနေနိုင်တယ်လို့ ကျနော်တို့ အနေနဲ့ ခန့်မှန်းထားပါတယ်။
မေး- အခုတိုက်ပွဲတွေလည်း ပြင်းထန်လာတယ်။ လေကြောင်းတိုက်ခိုက်မှုတွေပါ ကြုံနေရတဲ့အပေါ်မှာ လက်ရှိ တနင်္သာရီမြို့နယ်ထဲမှာ စစ်ရှောင်အရေအတွက် ဘယ်လောက်ရှိလာပြီးလဲ။
ကျနော်တို့အနေနဲ့ လောလောဆယ်အခြေအနေမှာ စုဆောင်းနေဆဲအခြေအနေလို့ ပြောလို့ ရတယ်။ ကျနော်တို့မှာက ပြီးခဲ့တဲ့ ၂၀၂၃ ပိုင်းထိတော့ ကျနော်တို့ Data (အချက်အလက်)တွေကို စုဆောင်းနိုင်ခဲ့တယ်။ ၂၀၂၃ နှစ်ကုန်ပိုင်းလောက်ကနေ ပြီးတော့မှ တိုက်ပွဲဖြစ်ပွားမှုနှုန်းကလည်း ပိုပြီး တော့မှ မြှင့်တက်လာတယ်။ ပြီးတော့ တိုက်ပွဲဖြစ်ပွားတဲ့ အခါမှာလည်း ကျနော်တို့ ယခင်အခြေနေ တွေမျိုး မဟုတ်ဘဲနဲ့ယခင်အခြေအနေတွေထက် ပိုပြီးပြင်းထန်တဲ့ အခြေနေမျိုးတွေ ကြုံရတဲ့ အခြေအနေမျိုးမှာရှိတော့ စစ်ဘေးရှောင်ရတဲ့ ဦးရေကလည်း ပိုများတယ်။
ပြီးတော့ စစ်ဘေးရှောင်ရတဲ့ အခြေအနေမျိုးကလည်း ပိုပြီးတော့ ဆိုးရွားလာတဲ့ အခြေအနေမျိုး တွေက ရှိတယ်ဆိုတော့ ကျနော်တို့ အနေနဲ့ လည်း အဲ့လို မျိုးစစ်ဘေးရှောင်တွေရဲ့ Data တွေကို ကောက်ယူတဲ့အခါမှာ ပိုပြီးတော့ ခက်ခဲတယ်။ လောလော ဆယ်အခြေ နေမှာ ခန့်မှန်းလို့ မရသေးဘူး။ ဒါပေမဲ့ ကျနော်တို့ အားလုံး ခြုံပြီးပြောရမယ်ဆိုလိုရှိရင်တော့ ဒီစစ်ဘေးရှောင်ဦးရေက သုံးသောင်းနဲ့ လေးသောင်းကြားမှာရှိတယ်။
မေး- ဒေသခံပြည်သူတွေ လေကြောင်းရန် ကာကွယ်ရေးနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေဘယ်က ဘယ်လို စီစဉ်ဆောင်ရွက်တာမျိုးရှိလဲ။ ဘယ်လို အသိပညာပေးမှုတွေ လုပ်ဆောင်သလဲ။
လေကြောင်းကာကွယ်ရေးနဲ့ ပတ်သက်ပြီးတော့ လာမယ့်ကာလတွေမှာ လုပ်ဆောင်ဖို့ အတွက် အခြေအနေမျိုးတွေရှိပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာတော့ ကျနော်တို့ အနေနဲ့လည်း လေကြောင်း ကာကွယ်ရေးနဲ့ ပတ်သက်ပြီးတော့ လုပ်နိုင်တဲ့ အခြေအနေမျိုးတွေ မရှိသေးဘူးလို့တော့ ပြောလို့ရတယ်။ ဒါပေမဲ့ သိပ်မကြာခင်အချိန်မှာ ကျနော်တို့အနေနဲ့ လေကြောင်းရန် ကာကွယ်ရေးနဲ့ ပတ်သက်ပြီးတော့ ကြိုတင်အသိပညာပေး လုပ်ငန်းတွေ လေကြောင်းရန် ကာကွယ်ရေးနဲ့ ပတ်သက်ပြီးတော့ ကြိုတင်ပြင် ဆင်မှု အပိုင်းတွေ လုပ်ဆောင်သွားဖို့ရှိတယ်။ ဗုံးခိုကျင်းတူးတာမျိုးပဲဖြစ်ဖြစ် ၊ လေကြောင်းက တိုက်ခိုက် ခံရတဲ့အခါမှာ ကျနော်တို့ လုံခြုံဘေးကင်းတဲ့ နေရာတွေကို ဘယ်လိုမျိုး ရွှေ့ပြောင်းရမလဲ ပြီးတော့ ဒီလိုမျိုးတိုက်ခိုက်ခံရတဲ့အခါမှာ ဘာတွေကို လိုက်နာဖို့လိုအပ်လဲ ဒီလိုမျိုးတွေ ပြုလုပ်သွားဖို့ အစီအစဉ်တွေရှိပါတယ်။
မေး-စစ်ဘေးရှောင်နေရတဲ့ သူတွေထဲမှာ ကျန်းမာရေးကုသမှုအပိုင်းမှာရော စစ်ဘေးရှောင် ကူညီသူတွေအနေနဲ့ ဘယ်လိုပုံစံမျိုးနဲ့ စောင့်ရှောက်မှု တွေပေးနေလဲ။
ကျနော်တို့အနေနဲ့ကတော့ အခြေခံကျန်းမာရေး ပြုစုစောင့်ရှောက်မှုလို့ ပြောလို့ရတယ်။ ကျနော်တို့ ရိုးရိုးဖျားနာ နေပြီးတော့ကနေ ရောဂါကြီးတွေအဆင့်ထိပါ ကျနော်တို့ကတော့ တတ်နိုင် တဲ့အခြေအနေတွေအထိ ပြုစုကုသပေးနေတာမျိုးတွေရှိပါတယ်။ ဒါပေမဲ့ တချို့ ခွဲစိတ်ရမယ့် ဒဏ်ရာ တွေမျိုး ဒီထက်ပိုပြီးတော့ ကျွမ်းကျင်တဲ့သူတွေနဲ့ ကုသမှရမယ့်ရောဂါအခြေအနေမျိုးတွေနဲ့ဆိုရင်တော့ ကျနော်တို့အနေနဲ့ကတော့ ကျွမ်းကျင်တဲ့သူတွေဆီကို လွှဲပေးတာမျိုးရှိပါတယ်။
အဓိက အခက်အခဲကတော့ ကျနော်တို့အနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးတဲ့ နေရာ မှာဆိုရင် ပထမတစ်ချက်အနေနဲ့ ကျနော်တို့ဆီမှာ ဒီလိုမျိုးကုသမှုတွေကို ပြုလုပ်ပေးတဲ့ ကျွမ်းကျင်တဲ့ ပညာရှင်တွေကို လိုအပ်တယ်။ ဆိုလိုတာက ဆရာဝန်သူနာပြု ဒီလိုမျိုးကျွမ်းကျင်တဲ့ပညာရှင်တွေ လိုအပ်နေတာရှိတယ်။ ဒုတိယတစ်ချက်ကတော့ ကျနော်တို့မှာ ဘတ်ဂျက်လိုအပ်ချက်ရှိတယ်လို့ ပြောလို့ရတယ်။ ကျနော်တို့မှာ တိုက်ရိုက်ကတော့ ဆေးဝါးနဲ့ ဆက်စပ်ပြီးတော့ လိုအပ်တဲ့ပစ္စည်းတွေ လိုအပ်တာပေါ့။ ဒါပေမဲ့ ဒီလိုဟာတွေကို ဝယ်ယူသုံးစွဲဖို့ကကျတော့ ကျနော်တို့ဆီမှာ ဘတ်ဂျက်ရှိမှ အဆင်ပြေမှာဆိုတော့ ဒါကဘတ်ဂျက် လိုအပ်ချက်က တော်တော်လေး ကြီးမားတဲ့အခြေအနေမျိုးမှာ ရှိတယ်လို့ ပြောလို့ရတယ်ပေါ့နော်။ ဆေးဝါးနဲ့ ဆက်စပ်တဲ့ ကိရိယာတွေ ဝယ်ယူဖို့အတွက် အခက်အခဲ တွေလိုအပ်ချက်တွေရှိနေဆဲဖြစ်ပါတယ်။
မေး-စစ်ဘေးရှောင်တွေရဲ့ စားနပ်ရိက္ခာတွေကို ဘယ်အဖွဲ့အစည်းတွေက အဓိက ထောက်ပံ့ပေးနေရ တာမျိုးရှိလဲ။ စစ်ဘေးရှောင်ထောက်ပံ့ရေးအတွက် အဖွဲ့အစည်းအနေနဲ့ ဘယ်လိုအခက်အခဲတွေရှိလဲ။
ကျနော်တို့ စစ်ဘေးရှောင်တွေကို ကူညီဖို့အတွက် စားနပ်ရိက္ခာနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ် ၊ တခြားကျန်းမာရေး ပညာရေးနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ် အဓိက ကူညီပေးနေတဲ့အဖွဲ့အစည်းဆိုလို့ ကျနော်တို့ ဒီပြည်သူလူထုတွေပဲရှိတယ်။ ပြီးတော့ ပြည်သူလူထုတွေကနေပဲတစ်ဆင့် ဖွဲ့စည်းထားတဲ့ ထောက်ပို့တွေရှိတယ်။ ပြည်ပရောက်ထောက်ပို့အစုအဖွဲ့တွေ ပြည်တွင်းမှာပဲနေပြီးတော့ လုပ်ပေးနေ တဲ့ထောက်ပို့အစုအဖွဲ့တွေပေါ့နော်။ သူတို့ကနေပြီးတော့ပဲ အများဆုံးထောက်ပံ့နေတာမျိုးတွေရှိတယ်။ တခြားနိုင်ငံတကာ NGO တွေကနေပြီးတော့ ကူညီပေးနေတာမျိုး ထောက်ပံ့ပေးနေတာမျိုးကတော့ တော်တော်လေးပမာဏနည်းတဲ့အထဲမှာ ရှိတယ်လို့ ပြောလို့ရပါတယ်။
ကျနော်တို့အနေနဲ့လည်း ဒီလိုမျိုးကူညီရာမှာ အဓိကအခက်အခဲနေနဲ့ဆိုလို့ရှိရင်တော့ ခုနက ပြောသလို ကျနော်တို့မှာက လူ့စွမ်းအား အရင်းအမြစ်လိုအပ်ချက်တွေရှိတယ်။ ဘတ်ဂျက်လို အပ်ချက် တွေ ရှိမယ်။ မြေပြင်မှာလုပ်ရတဲ့အခါမှာ ဆက်သွယ်ရေးလိုအပ်ချက်တွေရှိတယ်။ ဆက်သွယ် ရေးလိုအပ်ချက်ဆိုတာက ကျနော်တို့မှာ အင်တာနက်ဖုန်းလိုင်းမရတာတွေရှိတယ်။ ပြီးတော့ လမ်းပန်း ဆက်သွယ်ရေး သယ်ယူပို့ဆောင်ရေး အခက်အခဲတွေရှိတယ်။ စစ်ရှောင်တွေကို သွားကူညီရ တဲ့အခါမှာ လမ်းပန်းဆက်သွယ်ရေးကခက်ခဲတယ်။ သွားဖို့အတွက် လမ်းကြောင်းက ရှိတယ်ဆိုပေမဲ့ သွားမယ့်လမ်း ကြောင်းတွေမှာ စစ်တပ်တွေရှိနေတဲ့အတွက်ကြောင့် တိုက်ရိုက်သွားလို့မရဘဲ တခြား လမ်းကြောင်း ကနေ သွားရတဲ့အတွက် ပိုပြီးတော့ ခက်ခဲကြမ်းတမ်းစွာနဲ့ ပိုပြီးတော့သွားရတဲ့ အခြေအနေမျိုးမှာ ရှိတယ်ပေါ့နော်။ ပြီးတော့ ကျနော်တို့မှာ လုံခြုံရေး အခက်အခဲကရှိတယ်။