Home ကဗျာ ကြယ်တစ်စင်းလို….လတစ်စင်းလို …..

ကြယ်တစ်စင်းလို….လတစ်စင်းလို …..

1029
Photo: Nan Paw Gay

ကြယ်တစ်စင်းလို….လတစ်စင်းလို …..

ဓူဝံကြယ်အလင်းတန်းနဲ့
မှောင်မိုက်ညတွေမှာ
လာရာလမ်းတွေကနေ
လားရာပန်းတိုင်ဆီသို့ လမ်းပြသူ။

လတစ်စင်းလို ကြယ်တစ်စင်းလို
အမှောင်ခွင်း အလင်းပေး
ရေဆန်ကလောင်ကိုကိုင်
ကရင့်သမိုင်းကို သူသွေးနဲ့ရေး
ဘဝရေဆန်ကိုကျတော့
ထမင်းအငတ်ခံဆန်တက်
တော်လှန်ရေးရေဆန် ချီတက်ခဲ့သူ။

မူလေးချက်ကို
အသက်နဲ့လဲပြီး ကာကွယ်ခဲ့သူ။

နိုင်ငံရေးလောကဓံအမျိုးမျိုးနဲ့
စီးချင်းထိုးရင်ဆိုင်
ကရင့်အမျိုးသားအလံတော်ကို
ဘယ်တော့မှ အလဲမခံခဲ့တဲ့သူ။

”အဖိနှိပ်ခံပြည်သူတိုင်းနဲ့အတူ
ကျွန်တော်ရပ်တည်တယ်” ‘
‘ခေါင်းဆောင်ဆိုတာ
အသိအမှတ်ပြုလောက်တဲ့
သမိုင်းဖြတ်သန်းမှုရှိရမယ်”
သမိုင်းမှာ အရှားပါးဆုံး
နေမဝင်စကားလုံးတွေ။

အာဏာရှင်အဆက်ဆက်အောက်မှာ
အနာဂတ်ပျောက်နေကြမဲ့အစား
လမ်းပြခေါင်းဆောင်ရဲ့စကားနဲ့
မိတ်ဆွေရန်သူခွဲခြား
အနာဂတ်ပန်းတိုင်ကို ဆက်သွားကြမလား
ငါတို့ ……… ပြတ်သားကြရတော့မယ်။

နန့်အေးအေးအောင် (ပန်းတနော်) (၁၄. ၂. ၂၀၀၈)နေ့တွင် ကရင့်အမျိုးသားတော်လှန်ရေးအတွက် အသက်ပေးသွားခဲ့သော ကရင်အမျိုးသား အာဇာနည်ကြီး ဖဒိုမန်းရှာလားဖန်းအား ဤကဗျာဖြင့် ဂုဏ်ပြုအပ်ပါသည်။