Home သတင်း မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ ရှင်ဒေဝီအား စစ်ကောင်စီက ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခြင်းအပေါ် IPCM ရှုံ့ချ

မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ ရှင်ဒေဝီအား စစ်ကောင်စီက ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခြင်းအပေါ် IPCM ရှုံ့ချ

653
Photo: Internet

ဇန်နဝါရီလ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီကို စစ်ကောင်စီက ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခဲ့ခြင်းကို ပြင်းထန်စွာ ကန်ကွက်ရှုံ့ချကြောင်း လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) က ဇန်နဝါရီလ ၁၂ ရက် ယနေ့တွင် ကြေညာချက်ထုတ်ကာ ပြောဆိုလိုက်သည်။

မှတ်တမ်း ရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး မြောက်ဥက္ကလာပမြို့နယ်၌ စစ်ကောင်စီ၏ မတရားဖမ်းဆီးခြင်းခံခဲ့ရပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၀)ရက်နေ့တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) နှင့် ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ ရှင်ဒေဝီ ဖမ်းဆီးခံရစဥ်အတွင်း စစ်ကြောရေးတွင် မတရားနှိပ်စက် ခံရခြင်းအတွက် စစ်ကောင်စီမှ တာဝန်ခံရမည်ဖြစ်ကြောင်းလည်း IPCM က ပြောဆိုသည်။

မှတ်တမ်းရုပ်ရှင် ရိုက်ကူးခြင်း၊ သတင်းရေးသားတင်ဆက်ခြင်းသည် သတင်းမီဒီယာကျင့်ဝတ်အရဖြစ်စေ၊ နိုင်ငံတကာဥပဒေ၊ တည်ဆဲဥပဒေများအရဖြစ်စေ ပြည်သူတို့၏ သတင်းရယူသိပိုင်ခွင့် (Right to Information) ကို တရားဝင်လုပ်ဆောင်ပေးခြင်းသာဖြစ်သဖြင့် လွတ်လပ်စွာ သတင်းရယူ တင်ဆက်ခြင်းကို ဟန့်တားမှုဖြစ်စေသည့် အတွက် မတရားဖမ်းဆီးခံထားရသော သတင်းသမား များအားလုံး ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီမှ တောင်းဆိုလိုက်သည်။

ဆက်လက်၍ ဖမ်းဆီးခံသတင်းသမားများအမြန်ဆုံးလွတ်မြောက်ရေးနှင့် တရားဝင်မီဒီယာလုပ်ငန်းများ ဘေးကင်းလုံခြုံစွာ လုပ်ဆောင်နိူင်ရေးတို့အား လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီက အဓိကဦးစားပေးလုပ်ငန်းစဉ်အဖြစ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။