ဇန်နဝါရီလ ၁၂ ရက်။၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံလုံး ဆိုင်ရာ အမေရိကန်သံရုံးမှတာဝန်ရှိသူများသည် ဇန်နဝါရီလ ၁၁ ရက် ယမန်နေ့တွင် မဲဆောက်မြို့ အခြေစိုက် အလုပ်သမားအရေးဆောင်ရွက်နေသည့် မြန်မာပြည်သားအရေးပူး တွဲလှုပ်ရှားမှုကော်မတီ (JACBA)အဖွဲ့အား လာရောက်တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။
မဲဆောက်အပါအဝင် တာ့ခ်ခရိုင်အတွင်းရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ၏ အခြေအနေ၊ ကလေး လုပ်သားများအခြေအနေ၊ မြန်မာနိုင်ငံတွင်း နိုင်ငံရေးအခြေအနေကြောင့် တိမ်းရှောင်လာသူများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ အခြေအနေအပြင် ထိုင်းလူ့အခွင့်အရေးရှေ့နေများ၊ ထိုင်းအလုပ်သမား အဖွဲ့များနှင့် JACBA အဖွဲ့တို့ ပူးပေါင်းပါဝင်ကူညီပေးနေသည့် အခြေအနေများကို မေးမြန်းခဲ့ကြောင်း JACBA အဖွဲ့က ပြောသည်။
(JACBA)အဖွဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးက “အဓိက ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ရဲ့ အခြေအနေ၊ လူ့အခွင့်အရေးချိုးဖောက်ခံရဆုံး နယ်မြေဖြစ်တဲ့ ကလေးလုပ်သားအများအပြားရှိတဲ့ မဲဆောက်အပါအဝင် တာ့ခ်ခရိုင်အကြောင်းကို ရှင်းပြပြီးတော့ ဒီအခြေအနေ၊ ဒီအနေအထားတွေ ရှိတယ်ဆိုတာ ပြောပြတယ်။ ပြောရမယ်ဆိုရင် တိုးတက်သာယာမှုမရှိဘဲ ပိုပြီးတော့ ဆုတ်ယုတ် ပျက်စီး လာတဲ့အခြေအနေအရကို ပြောလိုက်တာနဲ့တင် အမေရိကန်အစိုးရက ဒါတွေနဲ့ပတ်သက်ပြီး ဘယ်ဘက် ကနေပြီးတော့ ပါဝင်ပတ်သက်ပေးနိုင်မလဲ၊ ဒီလို အခြေအနေဆိုးတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ သိသွား တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် တာ့ခ်ခရိုင်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး အများဆုံး ချိုးဖောက်ခံရကာ သတ်မှတ်ထား သည့် လုပ်အားခများကိုလည်း အလုပ်ရှင်ဘက်မှ အပြည့်အဝပေးခြင်းမရှိသည့်အပြင် အလုပ်သမား အထောက်အထားစာရွက်စာတမ်းများကိုလည်း အလုပ်ရှင်ဘက်မှ သိမ်းထားကာ မိတ္တူနှင့် ပေးနေသည့် အခြေအနေများနှင့်ပတ်သက်၍ အမေရိကန်သံရုံး ကိုယ်စားလှယ်များကို ရှင်းပြသည်ဟုလည်း ဦးမိုးကြိုးက ဖြည့်စွက် ပြောဆိုသည်။

အမေရိကန်သံရုံးကိုယ်စားလှယ်အဖွဲ့နှင့် JACBA အဖွဲ့တို့သည် မဲဆောက်မြို့ရှိ ရွှေ့ပြောင်း မြန်မာကလေး ငယ်များပညာသင်ကြားနိုင်ရေးအတွက် ဖွင့်လှစ်ပေးထားသည့် နေ့သစ်(New Day) အလယ်တန်းကျောင်း ရုံးခန်း၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး အဖွဲ့တည်ထောင်ပြီး နှစ် ၂၀ အကြာတွင် ထိုင်းနိုင်ငံ အမေရိကန်သံရုံး ကိုယ်စားလှယ်များမှ ပထမဦးဆုံးအကြိမ် လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း ဦးမိုးကြိုးက ပြောသည်။
JACBA အဖွဲ့သည် တာ့ခ်ခရိုင်အတွင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား လုပ်အားခအပြည့်ရရှိရေး၊ လူ့အခွင့်အရေးချိုးဖောက်ခံနေရသည့် ရွှေ့ပြောင်းအလုပ်သမားများအရေးအပြင် လုပ်အားခ နစ်နာဆုံးရှုံးသော မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ထိုင်းလူ့အခွင့်အရေးရှေ့နေအဖွဲ့များ၊ ထိုင်းအလုပ်သမားအဖွဲ့များနှင့် ညှိနှိုင်းကာ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုင်းနိုင်ငံ တာ့ခ်ခရိုင်တွင် မဲဆောက်အပါအဝင် ၉ မြို့နယ်တွင် ခန့်မှန်းမြန်မာရွှေ့ပြောင်း အလုပ် သမားဦးရေ (၄)သိန်းကျော်ရှိသည်ဟု အလုပ်သမားအရေးကူညီဆောင်ရွက်သူများက ပြောသည်။



















