Home သတင်း မိုးများရွာသွန်းသဖြင့်‌ တောတောင်ထဲစစ်ရှောင်သူများ အမိုးအကာနှင့်စားနပ်ရိက္ခာများလိုအပ်

မိုးများရွာသွန်းသဖြင့်‌ တောတောင်ထဲစစ်ရှောင်သူများ အမိုးအကာနှင့်စားနပ်ရိက္ခာများလိုအပ်

671
Photo- KIC

ဇန်နဝါရီလ ၃၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်တောင်ပိုင်းရှိ တောထဲ တောင်ထဲ စစ်ဘေးရှောင်နေကြသော ဒေသခံရွာသားများသည် ယခုရက်ပိုင်းအတွင်း မိုးများရွာ သွန်းသဖြင့် ခိုလှုံစရာအမိုးအကာနှင့် စားနပ်ရိက္ခာများလိုအပ်နေကြောင်း သိရှိရသည်။

အဆိုပါတောတောင်ထဲစစ်ရှောင်နေသူများသည် ယခုအချိန်တွင် နွေရာသီဖြစ်၍ အဆင်ပြေသလို တဲထိုးနေထိုင်ကြပြီး ရုတ်တရက်မိုးများ ဆက်တိုက်ရွာသွန်းလာသဖြင့် တဲဆောက်ရန် အမိုး အကာများ အရေးပေါ်လိုအပ်လာနေခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းက “စားစရာက ကြာကြာမှတစ်ခါပဲ‌ပေးတာဆို‌တော့ လိုအပ်တာကြာပြီး။ အခု ရာသီဥတုက အခြေအနေမကောင်းဘူး။ မိုးဆက်တိုက်ရွာတာ ၃ ရက်လောက်ရှိပြီး။ တဲက အမိုးမရှိဘူး။ တဲဆောက်ဖို့ အမိုးအကာတွေ အရေးပေါ်လိုအပ်လာတယ်။ “ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် တောတောင်ထဲသွားရောက် တိမ်းရှောင်သူများသည် လတ်တလော မိုးရွာသွန်းမှုကြောင့် ခိုလှုံရန်အခက်အခဲရှိနေသဖြင့် ကျေးရွာအတွင်းသို့ ပြန်လည်နေထိုင်သူများ ရှိကြောင်း ရွာသစ်ကုန်းရွာသားများက ပြောသည်။

“မိုးရွာတော့နေဖို့ထိုင်ဖို့က အခက်အခဲရှိလာတယ်။ တောတောင်ထဲတိမ်းရှောင်တဲ့သူက တဲကို ယာယီနေဖို့ပဲ ဆောက်ကြတာ။ မိုးမလုံဘူး၊ အခုလိုမိုးရွာ‌တော့ ရွာမှာပဲ လက်နက်ကြီး‌ တွေ သတိထား ပြီးပြန်အိပ်ရတယ်”ဟု ရွာသစ်ကုန်းရွာသားတစ်ဦးက ပြောသည်။

လက်ရှိ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် စစ်ဘေး ရှောင်‌ဦး‌ရေများ‌ပြီး ကူညီ‌ထောက်ပံ့ပေးနိုင်မှုနည်း‌သဖြင့် စစ်ဘေးရှောင်များ ကူညီထောက်ပံ့ရေး မလုံလောက်မှုများရှိနေ‌ကြောင်း ကော့ကရိတ်မြို့နယ် တာဝန်ရှိသူများထံမှသိရသည်။

လက်ရှိ ကော့ကရိတ်မြို့တွင် နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်မှ တပ်အင် အားများ ဖြည့်တင်းကာ လက်နက်ကြီးအပြင် ဒရုန်းယာဉ်များဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း မြေပြင်သတင်းအရင်းအမြစ်က ပြောသည်။

ကော့ကရိတ်မြို့နယ်အတွင်း ယခင်နှစ်ကုန်ပိုင်းက တကျော့ပြန် တိုက်ပွဲကြောင့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာ ၃၀ ခန့် မှ ဒေသခံ ၅၀,၀၀၀ ခန့် နေရပ်စွန့်ခွာထွက်ပြေးနေရသည်ဟု စစ်ရှောင်ကူညီသူများ၏ ပြုစုထားသည့် စာရင်းအရ သိရသည်။