Home သတင်း နေအိမ်မီးရှို့ခံရသူနှင့် စစ်ရှောင်ပြည်သူများအား DDMSC အဖွဲ့ စားသောက်ကုန်များ ထောက်ပံ့ကူညီ

နေအိမ်မီးရှို့ခံရသူနှင့် စစ်ရှောင်ပြည်သူများအား DDMSC အဖွဲ့ စားသောက်ကုန်များ ထောက်ပံ့ကူညီ

726
Photo: DDMSC

ဇန်နဝါရီလ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် မီးလောင်ပျက်စီးခဲ့ရသူများနှင့် နေရပ်စွန့်ခွာနေရသူများကို စားသောက်ကုန်များကူညီလှူဒါန်းခဲ့ကြောင်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)၏ လူမှု ကူညီရေးဆပ်ကော်မတီထံမှ သိရသည်။

လောင်းလုံးမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလမှ ယခုနှစ် ဇန်နဝါရီလအထိ စစ်ကောင်စီ စစ်ကြောင်းထိုးလာသဖြင့် စစ်ရှောင်ဦးရေတိုးများလာပြီး အခြေခံစားနပ်ရိက္ခာများလိုအပ်လာ၍ သွားရောက်ကူညီထောက်ပံ့ခဲ့ကြောင်း DDMSC ၏ လူမှုစည်းရုံးလှုံ့ဆော်ရေးဆပ်ကော်မတီတာဝန်ခံ ဦးမင်းလွင်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “လောင်းလုံမြို့နယ်မှာတော့ ဒီဇင်ဘာလနဲ့ ဇန်နဝါရီလမှာစစ်ရှောင်တွေပိုတိုးလာတယ်ဗျ။ စစ်ကောင်စီ စစ်ကြောင်းဝင်လာတော့ တော်တော်များများ အဝတ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ပဲ အဝတ် အစားကအစ မယူနိုင်ဘူး။ ကျနော်တို့ကို ဆက်သွယ်လာပြီး ဆန်ကအစမရှိတော့ဘူး။ ထမင်းချက်ဖို့ ကအစ တော်တော်ခက်ခဲတဲ့အနေအထားမှာပေါ့။ ကျနော်တို့ DDMSC အနေနဲ့လည်း မနေ့က အခြေခံစား သောက်ကုန် ဆီတွေ၊ ဆန်တွေ သွားလှူခဲ့တယ်” ဟု ပြောသည်။

ထို့အပြင် စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်ဖွဲ့သည် တော်လှန်းရေးတပ်ဖွဲ့နှင့် နှစ်ဖက် အပြန် အလှန်ပစ်ခတ်သည့် တိုက်ပွဲများမရှိသော်လည်း လောင်းလုံးမြို့နယ်တွင် တော်လှန်ရေး အားကောင်း သည်ဟုယူဆသဖြင့် ကျေးရွာအချို့ရှိ နေအိမ်များမီးရှို့ဖျက်ဆီးမှုလုပ်ဆောင်နေကြောင်း ဦးမင်းလွင်ဦးက ဆက်ပြောသည်။

Photo-DDMSC

“သူတို့(စစ်ကောင်စီ)ဝင်လာကတည်းက အခု ၁၂ (ရက်) လောက်ရှိနေပြီး နှစ်ဖက် အပြန်အလှန်ပစ်ခတ်တဲ့ တိုက်ပွဲမရှိဘူးဗျ။ လောင်းလုံးမြို့နယ်ဟာ သူတို့စိတ်ထဲမှာ တော်လှန်ရေး အားကောင်းဆုံးနေရာပေါ့ဗျာ။ အချို့တော်လှန်ရေး အားကောင်းတဲ့ရွာတွေဆို အငြိုးနဲ့ တောက်လျှောက်လုပ်ပြီးမီးရှို့နေတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

လောင်းလုံးမြို့နယ်ရှိ အောက်ကျောက်ဝပ်၊ ကျောက်ဝပ်ပြင်၊ ညောပြင် စသည့် ကျေးရွာများမှ ဒေသခံ အရပ်သားပြည်သူများသည် စစ်ကောင်စီတပ်၏ မကြာခဏ စစ်ကြောင်းလာပြီး နေအိမ်များ ဝင်ရောက်မီးရှို့မှုများကြောင့် အမြဲလိုလိုစစ်ရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးချီတက်လာသည့် ဒီဇင်ဘာလ၂၇ ရက်မှ ယခုဇန်နဝါရီ(၁၂) ရက် နေ့ အထိ ၁၇ ရက်တာအတွင်း အရပ်သားပြည်သူများကို ဖမ်းဆီးခြင်း၊ ပစ္စည်းဥစ္စာများခိုးယူဖျက်ဆီး ခြင်းအပြင် လူနေအိမ် (၁၄၀)လုံးခန့် မီးရှို့ဖျက်ဆီးသည့်အတွက် ဒေသခံပြည်သူအများအပြား နေရပ်စွန့်ခွာတိမ်းရှောင်နေကြရကြောင်း DDMSC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။