Home သတင်း စစ်ကောင်စီ အမြှောက်တပ်မှ ဗိုလ်ကြီးထွန်းထွန်းယာဉ်တန်း ကျိုက်ထိုတွင် တိုက်ခိုက်ခံရ

စစ်ကောင်စီ အမြှောက်တပ်မှ ဗိုလ်ကြီးထွန်းထွန်းယာဉ်တန်း ကျိုက်ထိုတွင် တိုက်ခိုက်ခံရ

875
Photo- CJ

ဇန်နဝါရီလ ၃၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှ ဘီးလင်းမြို့သို့ မောင်းနှင်လာသည့် စစ်ကောင်စီ တပ်မ ၄၄ ၏ (အမတ-၆၀၂) အမြှောက်တပ်မှ ဗိုလ်ကြီးထွန်းထွန်း လိုက်ပါလာသောကားကို ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF) ပူးပေါင်း တပ်ဖွဲ့က တိုက်ခိုက်ခဲ့သည်ဟု KRF က ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

ဗိုလ်ကြီးထွန်းထွန်းနှင့်အတူ တပ်ဖွဲ့ဝင် ၃ ဦးလိုက်ပါစီးနင်းလာသည့် Honda Fit ခဲရောင်ယာဉ်ကို KRF ပူးပေါင်း တပ်ဖွဲ့က ကျိုက်ထို−ဘီးလင်း အကြားရှိ အဝေးပြေးလမ်းမကြီး တစ်နေရာတွင် ပစ်ခတ်တိုက်ခိုက် ခဲ့ခြင်းကြောင့် ဗိုလ်ကြီးထွန်းထွန်း ဒဏ်ရာရရှိခဲ့ကြောင်း KRF ၏ ပြန်ကြားရေး တာဝန်ခံတစ်ဦးက ယခုလို ပြောသည်။

၎င်းက “ သူတို့လာမယ်ဆိုတာလည်း ကျနော်တို့က သတင်းကြိုရထားတယ်။ နောက်တစ်ခုက သူတို့ဆိုင် တစ်ဆိုင်မှာ ထိုင်ပြီးတော့ ကားပြောင်းလဲစီးတာလည်း သိရတယ်။ သူတို့အရင်ဆုံးလာတာက ပရိုဘောက်ကားနဲ့ ဆိုင်တစ်ဆိုင်မှာ ထိုင်ပြီးတော့မှ Honda Fit ကားနဲ့ချိန်းလိုက်တယ်။ ပစ်တာကတော့ မောင်းပြန်အရှည် ၃ လက်နဲ့ဝိုင်းပစ်ကြတာပါ။ ကားက အမြန်လမ်းဆိုတော့ အရှိန်နဲ့ မောင်းလာတာ ကီလို ၈၀ လောက်နှုန်း လောက် တော့ရှိမယ်။ ဝိုင်းပစ်တော့ ကားအရှေ့ ဘီးပေါက်ပြီး တံတားကို ဝင်ဆောင့်တယ်။ အခု လက်ရှိ သတင်းအရ ကတော့ ယာဉ်ပေါ်ပါ အမြှောက်တပ်က ဗိုလ်ကြီး ထွန်းထွန်းဒဏ်ရာရတယ်” ဟု ကေအိုင်စီ သို့ ပြောသည်။

အဆိုပါ ယာဉ်တန်းပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်၏ ခြေမြန်တပ်ရင်း (ခမရ- ၂) မှ နီးစပ်ရာ ဒေသကျေး ရွာများထဲသို့ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်းလည်း KRF က ပြောသည်။

၎င်းအပြင် ကျိုက်ထိုမြို့နယ်ရှိ လမ်းပိုင်းတစ်ချို့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့က ယာဉ်အသွားအလာများကို မကြာခဏ စစ်ဆေးမှုများ ပြုလုပ်လေ့ရှိပြီး စစ်ကောင်စီ တပ်သား နှင့် ဌာနဆိုင်ရာဝန်ထမ်းများကိုလည်း ဖမ်ဆီးစစ်ဆေးမှုများ ရှိနေသည်ဟု နယ်မြေခံတော်လှန်ရေး တပ်ဖွဲ့များ ထံမှ သိရသည်။

အလားတူ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် KNLA အပါအဝင် အထူးစစ်ဆင်ရေးတပ်ဖွဲ့−SOF၊ ကျိုက်ထို တော်လှန်ရေးအင်အားစု-KRF၊ ဘီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ရေးဘီလူးတပ်ဖွဲ့၊ ရေးမြို့နယ် ကာကွယ် ရေးအထူးတပ်ဖွဲ့ -YSTF၊ ရေးပြောက်ကျားတပ်ဖွဲ့ -YGF နှင့် သထုံခရိုင်အလုပ်အဖွဲ့(ABSDF)၊ ဒေါန စစ်ကြောင်း နှင့် မွန်ပြည်တော်လှန်ရေးတပ်(MSRF)စသည့် တော်လှန်ရေးအင်အားစုများက နယ်မြေဒေသ အတွင်းရှိ ပူးပေါင်းစစ်ဆင်ရေးများကို လုပ်ဆောင်နေလျက်ရှိသည်။