ဒီဇင်ဘာလ၁၈ရက်၊၂၀၂၃ခုနှစ်။ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်အတွင်းရှိ ညင်းမော် နှင့် စပ်ပြဲကျေးရွာများအတွင်းသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ပြီးခဲ့သည့် ဒီဇင်ဘာလ ပထမအပတ်က စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် ထွက်ပြေးတိမ်း ရှောင်နေရသည့် အရပ်သားနေအိမ်များအတွင်းရှိ တန်ဖိုးကြီးပစ္စည်းများကို သယ်ဆောင်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများကပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးပူးပေါင်းတပ်ဖွဲ့ဝင် စုစုပေါင်း အင်အား(၅၀)ခန့်သည် ကျေးရွာအတွင်းရှိ နေအိမ်များကို မွှေနှောက်ဖျက်ဆီးကာ တန်ဖိုးကြီးပစ္စည်းများကို ယူဆောင်ကြခြင်းဖြစ်ကြောင်း နီးစပ်ရာ ကျေး ရွာများသို့ စစ်ဘေးတိမ်းရှောင်နေရသည့် အမည်မဖော်လိုသူ ညင်းမော်ဒေသခံတစ်ဦးက ယခုလိုပြောသည်။
၎င်းက “ပြီးခဲ့တဲ့ ရက်ကစပြီး ခြေလျင်စစ်ကြောင်းနဲ့ ဝင်လာတာ။ ရုတ်တရက်ပေါ့။ သူတို့ဝင်လာတာနဲ့ အကုန် ထွက်ပြေးလာကြတာလေး။ ပြီးတော့ ရွာထဲမှာ ခြိမ်းခြောက်တဲ့စာတွေလည်း ရေးခဲ့တယ်။အိမ်ထဲက ရွှေ၊ ငွေ၊ ဆိုင်ကယ်နဲ့ ဖုန်းတွေအကုန် ပါသွားတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။
အဆိုပါ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များအနေဖြင့် မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်မှုများ လုပ်ဆောင်လေ့ရှိပြီး ဒေသခံများအနေဖြင့် အခြားမြို့များသို့ ရွှေ့ပြောင်း နေထိုင် မှုများ ပြုလုပ်ရသူများလည်းရှိကြောင်းလောင်းလုံးဒေသခံအမျိုးသားတစ်ဦးကပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျေးရွာအတွင်း နှင့်မြို့ပေါ် ရဲစခန်းများတွင် မကြာခဏ တပ်စွဲခြင်းများ ပြုလုပ်လာပြီး ရှောင်တခင် ဂိတ်ချစစ်ဆေးမှုများ ပိုမိုပြုလုပ်လာသောကြောင့် ဒေသခံများ အနေဖြင့် လမ်းခရီး သွားလာရာတွင် နှောင့်နှေး ကြန့်ကြာမှုများ ကြုံတွေ့ရကြောင်း လောင်းလုံးမြို့နယ်ရှိ ဒေသခံအငှား ယာဉ်မောင်း တစ်ဦးက ပြောသည်။
၎င်းက “စစ်တပ်က ခဏခဏ တပ်စွဲတာတွေလုပ်လာတယ် အခုရက်ပိုင်း။ ပြီးတော့ သူတို့လမ်းတွေမှာ စစ်ဆေး ရေး ဂိတ်တွေ မထင်ရင်မထင်သလိုချတယ်။ ပြီးတော့ စိတ်ကြိုက်စစ်တယ်။ အဲ့လိုတွေကျတော့ ဒီနားနဲ့ဒီနား သွား တာတောင် အဆင်မပြေဘူး။ တစ်ခါတလေ အစစ်လွန်ပြီး ကားလမ်းပိတ် မိုးချုပ်တဲ့အထိဘဲ။ တော်တော်ဒုက္ခ ရောက်နေကြတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။
လောင်းလုံးမြို့ပေါ်ရှိ ရပ်ကွက်များတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ညအချိန် ဧည့်စာရင်းဝင် ရောက်စစ်ဆေးမှုများကို ပိုမိုလုပ်ဆောင်လာလျက်ရှိကြောင်း လောင်းလုံးဒေသခံများကဆိုသည်။
အလားတူ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် လောင်းလုံးမြို့နယ်ရှိ ကျေးရွာများအပါအဝင် ရေဖြူမြို့နယ်နှင့် သရက်ချောင်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ဝင်ရောက်ကာ ခြိမ်းခြောက်စာကပ်သည့် ပုံစံမျိုးကို ယခုနောက် ပိုင်းတွင် ပိုမိုပြုလုပ်လာကြောင်းလည်း ဒေသခံများထံမှသိရသည်။



















