ဒီဇင်ဘာလ (၁၈)ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)ထိန်းချုပ်သည့် ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့ နယ်၊ နတ်သံကွင်းမြို့တွင် ဒီဇင်ဘာလ ပထမအပတ်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ် နှင့် စစ်ကောင်စီ၏ ပစ်ခတ်မှုများအပြီး နယ်မြေမတည်ငြိမ်သေးသဖြင့် ယနေ့အထိနေရပ် ပြန်မနေရဲသော ဒေသခံအချို့ရှိနေကြောင်း မြို့ခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ(၅)ရက်နေ့က အင်အားနှစ်ဆယ်ဝန်းကျင်ရှိသော ပူးပေါင်းတပ်ဖွဲ့ဝင်များသည် နတ်သံကွင်း ရဲစခန်းနှင့် စစ်တပ်တပ်စွဲထားသော နေရာအချို့သို့ ဝင်ရောက်ပစ်ခတ်ခြင်းလုပ်ဆောင်ခဲ့သဖြင့် စစ်ကောင်စီ ဘက် မှ လက်နက်ကြီးများဖြင့် ပြန်လည် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းကြောင့် နတ်သံကွင်းမြို့နေ ဒေသခံများ ဘေးလွတ် ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ယနေ့အချိန်ထိ ပြန်မနေရဲကြသူ အချို့ရှိနေကြောင်းမြို့နေ ဒေသခံ အမျိုး သမီး တစ်ဦးက ယခုလိုပြောသည်။
၎င်းက “ကလေးတွေ (ပူးပေါင်းတပ်ဖွဲ့)က ပစ်ခတ်မှုဖြစ်ရင် စစ်တပ်ဘက်က လေယာဉ်လာမယ် ရှောင်ပေးပါပေါ့။ ပိုပြီးထိခိုက်မယ်။ ရှောင်နေရင် အထိအခိုက်နည်းမယ်ဆိုလို့ အဲဒီနေ့ကတည်းက ရှောင်ကြတာ။ နောက်ရက်ပဲ ရဲ စခန်းကို လာထပ်ပစ်သေးတယ်။ အဝေးကနေပဲ ထုတာဆိုတော့ တစ်ယောက်ယောက်ထိတယ်လို့တော့ မကြား မိပါဘူး။ အခုတလောကတော့ ငြိမ်နေတယ်ဆိုပေမဲ့ မပြန်ရဲတဲ့သူတွေလည်းရှိသေးတယ်။ တချို့ဆို သွားလိုက် ပြန်လိုက်ပဲ” ဟု ၎င်းက ယနေ့ ကေအိုင်စီကို ပြောသည်။
ယမန်နေ့ရက်စွဲဖြင့် ကေအဲန်ယူ ဗဟိုမှ ထုတ်ပြန်ထားသော ဒီဇင်ဘာလ(၁၃)ရက်နေ့မှ ဒီဇင်ဘာလ (၁၆)ရက် နေ့အထိ ကျောက်ကြီးမြို့နယ်ရှိ သမင်အင်းကုန်း၊ ကြိတ်ကွင်း၊ ခြောက်သဲစု၊ အလယ်ရွာ အစရှိသည့် ကျေးရွာ (၁၀)ရွာထက်မနည်း လက်နက်ကြီး အလုံးပေါင်း (၆၀)ကျော် ပစ်ခတ်ခဲ့သည်ဟု ဆိုထားသည်။
ထိုသို့ ကျေးရွာအတွင်း လက်နက်ကြီး ပစ်ခတ်မှုကြောင်း လက်ရှိ နေရပ်တိမ်းရှောင်နေရသော နတ်သံကွင်းမြို့မှ ဒေသခံများအပါအဝင် အများအပြား နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ရှောင်ဒေသခံများအနေဖြင့် မိမိ အစီ အစဉ်ဖြင့်သာ စားသောက်နေထိုင်ရကြောင်းလည်း ဒေသခံများကဆို သည်။
ဒေသခံအမျိုးသားတစ်ဦးက “အခုပြေးနေတဲ့လူတွေရော၊ ရှောင်ထွက်လာတဲ့လူတွေကျတော့ ကိုယ်အဆင် ပြေတဲ့နေရာကို ရှောင်ကြတော့ ဒေသခံအရပ်ဖက်အဖွဲ့တွေလည်း ဘယ်လိုက်စုကူနေနိုင်မလဲ။ ကိုယ်အဆင် ပြေသလိုပဲစားရတာပေါ့။ ကျနော်တို့လည်းအဲ့လိုပါပဲ” ဟု ကေအိုင်စီသို့ သည်။
၂၀၁၄ ခုနှစ် စစ်ကောင်စီ၏လူဦးရေသန်းခေါင်စာရင်းအရ လူဦးရေ ၉ ထောင်နီးပါးရှိသော နတ်သံကွင်းမြို့တွင် ပြီးခဲ့သည့် ဇွန်လပိုင်းက KNLA ပူးပေါင်းတပ်များ၏ စစ်ကောင်စီတပ်အခြေစိုက်စခန်းများ တိုက်ခိုက် သိမ်းပိုက်သည့် တိုက်ပွဲဖြစ်စဉ်ကြောင့် လူဦးရေ ထက်ဝက်ကျော်မှာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြပြီးနောက် စစ်ကောင်စီတပ်က မြို့တွင်းရဲစခန်းအပါအဝင် နေရာအချို့တွင် တပ်စွဲနေကြခြင်းဖြစ်သည်။
ထို့အတူ ကျောက်ကြီးမြို့နယ်အတွင်း (၄)ရက်တာဖြစ်ပွားခဲ့သော စစ်တပ်၏လက်နက်ကြီးပစ်ခတ်မှုများအတွင်း အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သားပြည်သူ(၃) ဦးသေဆုံးခဲ့ရသလို အသက်(၈)နှစ်အရွယ် ကလေးငယ် အပါ အဝင်(၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ၏ ယမန်နေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။



















