Home သတင်း ကော့ကရိတ်တိုက်ပွဲတွင်း အရပ်သား ၂၀ဦး ကျော် သေဆုံးသွားကြောင်း စစ်ရှောင်ကူညီသူများကဆို

ကော့ကရိတ်တိုက်ပွဲတွင်း အရပ်သား ၂၀ဦး ကျော် သေဆုံးသွားကြောင်း စစ်ရှောင်ကူညီသူများကဆို

909

ဒီဇင်ဘာ ၁၄ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြို့နယ်၌ ဖြစ်ပွားနေဆဲ နှစ်ဖက်တိုက်ပွဲအတွင်း ရက်သတ္တပတ် နှစ်ပတ်ကြာမြင့်လာပြီးနောက် တိုက်ပွဲအတွင်း အရပ်သားပြည်သူ ထိခိုက်သေဆုံးသူဦးရေ(၂၀)ဦးကျော်အထိ ရှိနေသည်ဟု စစ်ဘေးရှောင်ကူညီ သူများ၏ ကောက်ယူရရှိထားသည့် စာရင်းများအရ သိရသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့ ညကစ၍ ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီအခြေစိုက်ရာ တပ်စခန်း နေရာများ ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဦးဆောင်သည့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက စတင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်အပြန်အလှန် တိုက်ခိုက်မှုအတွင်း ကလေးငယ်(၄)ဦးနှင့်အတူ အခြားအရပ်သား(၁၉)ဦးသေဆုံးခဲ့ရကြောင်း စစ်ရှောင်ကူညီပေးနေသူ တစ်ဦးက ယခုလိုပြောသည်။

၎င်းက“ကျနော်တို့ကတော့ ဒေသခံတာဝန်ရှိသူတွေနဲ့မျက်မြင်တွေ့တဲ့လူတွေ စစ်ရှောင်လာတဲ့ သူတွေရော မေးကြည့်တယ်။ စာရင်းပြုစုထားတာကြတော့ အသက် ၁၅ နှစ်အောက်ကလေးက ၄ ယောက် လက်နက်ကြီး အစမှန်လိုသေတယ်။ လူကြီးကတော့ ၁၉ ယောက်သေဆုံးတယ်လို့ စာရင်းရထားတယ်” ဟုကေအိုင်စီသို့ ပြော သည်။

အဆိုပါ ထိခိုက်သေးဆုံးမှုမှာ နှစ်ဖက် တိုက်ပွဲအတွင်း အရပ်သားများနေထိုင်ရာ ကျေးရွာ နှင့် မြို့ပေါ် ရပ်ကွက် နေရာများကို စစ်ကောင်စီဘက်မှ လေကြောင်းသုံး ပစ်ခတ်တိုက်ခိုက်ခြင်း နှင့် လက်နက်ကြီးဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခြင်းတို့ကြောင့် ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုဘက်က ပြောဆိုသလို စစ်ကောင်စီကို ထောက်ခံ ရေးသားသည့် လူမှုစာမျက်နှာများတွင်လည်း တော်လှန်ရေး အင်အားစုများကြောင့်ဟုဆိုကာ အပြန်အလှန် စွပ်စွဲ ပြောဆိုရေးသားကြသည်။

လတ်တလောအချိန်ထိ ကော့ကရိတ်မြို့နယ်တွင် နှစ်ဖက်ပစ်ခတ်မှုများရှိနေသေးပြီး စစ်ကောင်စီ၏ ခြေမြန်တပ် ရင်း(ခမရ-၅၇) က မြို့အတွင်းနှင့် အနီးဝန်းကျင်ကျေးရွာများကို လက်နက်ကြီးဖြင့် နေ့စဉ်အမြဲ ပစ်ခတ်နေသေး ပြီး အဆိုပါ လက်နက်ကြီး ကျည်ကြောင့်ပင် မြေးတစ်ဦးကို ဆုံးရှုံးလိုက်ရကြောင်း စစ်ရှောင် အဖွားအို တစ်ဦးက ယခုလိုပြောသည်။

အသက်(၁၄) နှစ်အရွယ်မြေးဆုံးရှုံးခဲ့ရသူ နော်မူဒါက “အဖွားရဲ့ မြေးက မနက်ပိုင်းမှ ပစ်လိုက်တဲ့လက်နက်ကြီး ကြောင့် သေသွားတာ။ အဖွားလည်း အရမ်းဝမ်းနည်းတယ်။ ပြောရင်ငိုမိမယ်။ ဒီရောက်တော့ ကုသိုလ်တွေ ဘာတွေ လုပ်ပေးပေါ့။ အဖွားအရမ်းပြန်စဉ်းစားလိုမရဘူး။ အဖွားမှာ နှလုံးရောဂါရှိတယ်” ဟု ကေအိုင်စီ သို့ပြော သည်။

ယနေ့အချိန်ထိ ကော့ကရိတ်မြို့နယ်နှင့် အနီးဝန်းကျင်တွင် ကင်းထောက်လေယာဉ် ပျံသန်းခြင်း စစ်ကောင်စီ ဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ကို လုပ်ဆောင်နေသည့်အတွက်ကြောင့် သောင်းနှင့်ချီသည့် ဒေသခံ များ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး တိုက်ပွဲအတွင်း ပိတ်မိနေသေးသည့် ဒေသခံများစွာ လည်း ကျန်ရှိနေသေးကြောင့် စစ်ဘေးရှောင်ကူညီနေသူများကဆိုသည်။

အဆိုပါတိုက်ပွဲပြင်းထန်မှုကြောင့် ကော့ကရိတ်မြို့တွင်းအပါအဝင် အနီးအနားရှိ ကျေးရွာများမှ ဒေသခံနှစ် သောင်းနီးပါး နီးစပ်ရာဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ်လူသားချင်းစာနာထောက်ထားမှု အကူအညီများလည်း လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။