Home သတင်း ကရင်နှစ်သစ်ကူးနေ့အကြောင်းပြု၍ ဖားအံအနီးတောင်ကလေးရွာတွင် လောင်းကစားဝိုင်းများ ကျင်းပ

ကရင်နှစ်သစ်ကူးနေ့အကြောင်းပြု၍ ဖားအံအနီးတောင်ကလေးရွာတွင် လောင်းကစားဝိုင်းများ ကျင်းပ

1325

ဒီဇင်ဘာလ ၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ ဖားအံမြို့၊ တောင်ကလေးကျေးရွာတွင် လာမည့်ပြာသိုလဆန်း ၁ ရက်နေ့တွင် ကျရောက်မည့် ကရင်နှစ်သစ်ကူးနေ့အား အကြောင်းပြကာ အာဝါဒေးလောင်းကစားဝိုင်းများ ကျင်းပနေ ကြောင်း ဒေသခံများက ပြောသည်။

ယခု နိုဝင်ဘာလကုန်ပိုင်းမှစ၍ အဆိုပါ လောင်းကစားဝိုင်းကို စတင်ကျင်းပနေခြင်းဖြစ်ပြီး ကရင်နှစ်သစ်ကူး ကာလအပါအဝင် စုစုပေါင်း ရက်ငါးဆယ်ခန့် ဆက်လက်ကျင်းပသွားမည်ဖြစ်ရာ ကရင်နှစ်သစ်ကူးနေ့ ကိုကြိုဆိုသော်အားဖြင့် ကျင်းပခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ယခုလို ပြောပြသည်။

“တောင်ကလေးအပိုင်ထဲက ဘုန်းကြီးကျောင်းနားပဲ ကရင်နှစ်သစ်ကူးကိုအကြောင်းပြပြီး နှစ်ကူးအကြို ဇယား ဆိုပြီး လုပ်နေတာ။ ကန်ထရိုက်ကတော့ ဝင်းဇော်ဆိုတဲ့လူပဲ စစ်တပ်ကခွင့်ပြုချက်နဲ့လား၊ PC(ငြိမ်းချမ်း ရေးကောင်စီ)ကလား မသိဘူး။ အဲ့လိုတော့ကြားတယ်။ အရင်တုန်းကလည်း အဲဒီနေရာမှာ အာဝါဒေး တွေ လုပ်တယ်။ ဝိုင်းများတယ် ခုံအလုံး နှစ်ဆယ်လောက်တော့ရှိတယ်။ တစ်လလုံးကို လုပ်တာ လူရှိ သ လောက်လုပ်ကြတယ်” ဟု ကေအိုင်စီ သို့ ပြောသည်။

ဖားအံခရိုင်အတွင်း လောင်းကစားဝိုင်းများ မကျင်းပရန် ကရင့်လက်နက်ကိုင်စည်းလုံးညီညွတ်ရေးကော် မတီ က တရားဝင်အမိန့်ထုတ်ပြန်ထားသော်လည်း လောင်းကစားဝိုင်းကန်ထရိုက်တာများမှာ စစ်ကောင်စီ အပါ အဝင် လက်နက်ကိုင်များနှင့်အကျိုးတူပူးပေါင်းကာ ခရိုင်နေရာအနှံ့အပြားတွင် ဆက်လက်ပြု လုပ်နေ ကြဆဲဖြစ်သည်ဟု နယ်မြေခံများက ပြောဆိုထားကြသည်။

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၏ ဖားအံခရိုင် ဥက္ကဌပဒိုအောင်မော်အေးက “ဒီကိစ္စတွေနဲ့ ပတ် သက်ပြီး လောင်းကစားဝိုင်းတွေမလုပ်ဖို့ ကျနော်တို့ ညွှန်ကြားထားပြီးသားဖြစ်တယ်။ အခုလက်ရှိ ကတော့ ပညာပေးတဲ့အဆင့်အနေနဲ့ပဲသွားနေသေးတယ်။ တခါတည်းအရေးယူတဲ့ပုံစံနဲ့ဆိုရင် အချုပ်ဖြစ်ဖြစ် ထောင်ဖြစ်ဖြစ်ရှိထားရမယ်။ ဒါကြောင့်ဒီနေရာတွေကို စတင်ဆောင်ရွက်ဖို့စဥ်းစားနေတယ် ။ မဆောင်ရွက် နိုင်သေးခင်မှာတော့ လောင်းကစားဝိုင်းရော မူးယစ်ဆေးဝါးရောက ပညာပေးတဲ့ပုံစံနဲ့ပဲသွားနေရတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ကရင်ပြည်နယ်အတွင်းရှိ မြို့ရွာများတွင် နေ့ကြီး၊ ရက်ကြီးကာလအတွင်း လောင်းကစားဝိုင်းများအား ဘုရားပွဲ၊ ဇာတ်ပွဲဟန်ပြကာ ကျင်းပနေကြခြင်းဖြစ်သလို ထိုဝိုင်းများပြုလုပ်နေသည့် အရပ်ဒေသများတွင်လည်း လာရောက်ဆော့ကစားသူများပြီး ဒေသခံမဟုတ်သည့် လူအဝင်အထွက်များလာရာမှ ခိုးမှု၊ လုယက်မှုနှင့် ပျောက်ဆုံးမှုများ မကြာခဏဖြစ်လာနေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များကဆို သည်။

ထို့အတူ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်းတွင်လည်း စစ်ကောင်စီလက်အောက်ခံများက ကန်ထရိုက် များနှင့်ပူးပေါင်းကာ လောင်းကစားဝိုင်းများအား နှစ်နှင့်ချီ ပြုလုပ်ကျင်းပလျက်ရှိသော်လည်း အရေးယူကြပ် မတ်ပေးမည့်သူမရှိသလို လောင်းကစားဝိုင်းနောက်ဆက်တွဲကြောင့် ဖြစ်လာသည့်အမှုအခင်းများအားလည်း‌ဖြေရှင်းပေးမည့် ယုံကြည်ရသည့်အဖွဲ့အစည်းမရှိသဖြင့် စိတ်ပျက်နေရကြောင်း ဒေသခံများက ပြောဆိုထား ကြသည်။