Home သတင်း သင်္ကန်းညီနောင် လျှပ်စစ်ဓာတ်အားခွဲ တိုက်ခိုက်ခံရပြီးနောက် မြဝတီမြို့တွင် လျှပ်စစ်မီးပြတ်တောက်နေ

သင်္ကန်းညီနောင် လျှပ်စစ်ဓာတ်အားခွဲ တိုက်ခိုက်ခံရပြီးနောက် မြဝတီမြို့တွင် လျှပ်စစ်မီးပြတ်တောက်နေ

876
Photo: Crd.

ဒီဇင်ဘာလ ၁၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့အနီး သင်္ကန်းညီနောင်ရှိ လျှပ်စစ်ဓာတ်အားခွဲ(Transformer) ကို ပြီးခဲ့သည့်ဒီဇင်ဘာလ ၁၂ ရက်နေ့ ညပိုင်းအချိန်က အမည်မသိလက်နက်ကိုင်အုပ်စုက တိုက်ခိုက်ဖျက်ဆီးခဲ့ခြင်းကြောင့် မြဝတီမြို့ အတွင်း လျှပ်စစ်ဓာတ်အားပြတ်တောက်နေကြောင်း မြဝတီမြို့ခံ တစ်ဦးက ပြောသည်။

အဆိုပါ လျှပ်စစ်ဓာတ်အားခွဲထရမ်စဖော်မာကို အမည်မသိအဖွဲ့ အစည်းတစ်ခုက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ၎င်းတိုက်ခိုက်မှုနောက်ပိုင်း မြဝတီမြို့တစ်မြို့လုံး လျှပ်စစ်မီးပြတ်တောက်သွားခဲ့ကာ မြို့အတွင်းနှင့် ရပ်ကွက်နေပြည်သူများမှ မီးစက်ကို ပြောင်းလည်းအသုံးပြုနေရကြောင်း မြဝတီမြို့ခံတစ်ဦးက ယခုလို ပြောသည်။

၄င်းက “၁၂ ရက်နေ့ညပိုင်းကစပြီး မီးကလုံးဝကိုမလာတော့တာ။ သင်္ကန်းညီနောင် ထရမ်စဖော်မာအိုး ဒရုန်းနဲ့ တိုက်ခိုက်ခံလို့ မီးပြတ်သွားတာတဲ့။ တချို့မီးစက်ရှိတဲ့ အိမ်တွေကျတော့ ဆီထည့်နှိုးလို့ရတော့ တော်သေးတာ ပေါ့။ စက်လည်းမရှိ ဆီဝယ်မို့လည်း ပိုက်ဆံမရှိတဲ့လူတွေကတော့ ရပ်ကွက်ထဲက အသိ မီးစက်ရှိတဲ့အိမ်တွေမှာ အားလိုက်သွင်းပေါ့။ မီးစက်နှိုးဖို့ ဆီစျေးကလည်း တက်တော့ပိုဆိုးတယ်လေ။ ဒီပုံစံအတိုင်းဆို လနဲ့ကြာမယ်ထင်ပါတယ်”ဟု ကေအိုင်စီ သို့ပြောသည်။

အဆိုပါလျှပ်စစ်ဓာတ်အားခွဲရုံးကို မည်သည့်အဖွဲ့အစည်းက သွားရောက်တိုက်ခိုက်ခဲ့သည်ကို ထုတ်ပြန်ထားခြင်း မရှိသော်လည်း စစ်ကောင်စီ၏ လက်အောက်ခံ မီဒီယာများက KNLA နှင့် PDF ဘက်က (Drop Bomb) ဒရော့ဗုံးများဖြင့် သွားရောက်ပစ်ချ တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဖော်ပြရေးသားထားသည်။

ထို့အပြင် မြဝတီမြို့တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြောင့် လျှပ်စစ်ကိုအသုံးပြု၍ အသက်မွေးလုပ်ကိုင် သူများအနေဖြင့် လုပ်ငန်းလည်ပတ်မှုများရပ်နားထားရပြီး ခက်ခဲမှုများရှိလာသည်ဟု အွန်လိုင်းလုပ်ငန်း လုပ်ကိုင် သူတစ်ဦးက ယခုလိုပြောသည်။

Photo: Crd.

“ပြောမနေပါနဲ့တော့ မီးလာတာတောင် လုပ်စားကိုင်စားရတာအဆင်မပြေတာ။ အခုမီးပါပြတ်သွားတော့ ဘာမှ လုပ်လို့အဆင်မပြေတော့ဘူး။ ကိုယ့်အလုပ်ကလည်း အွန်လိုင်း live လွှင့်တာတို့ဆိုတော့ မီးလာမှ ပဲလုပ်လို့ရတာ လေ။ အခုတော့ အလုပ်ကိုနားထားရတာပေါ့။ စိတ်လည်းညစ်ပါတယ်။ ဘာလုပ်လုပ်ကို အဆင်မပြေတော့တာ” ဟု ကေအိုင်စီ သို့ပြောသည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့ကလည်း မြ၀တီ-ကော့ကရိတ် အာရှလမ်းသစ် လမ်းပိုင်း အတွင်း မြ၀တီမြို့နယ် သင်္ဃန်းညီနောင်ဓါတ်အားခွဲရုံမှ ကော့ကရိတ်၊ကျုံဒိုး၊ ကြာအင်းဆိပ်ကြီးသို့ လျှပ်စစ်မီး သွယ်တန်းပို့လွှတ်သည့် ၆၆ kv ဓါတ်တိုင်ကြီး ၃ ခု ပျက်စီးကာ လျှပ်စစ်မီး ပြတ်တောက်ခဲ့သေးသည်။

လတ်တလောတွင်လည်း အဆိုပါ တိုက်ခိုက်ခံထားရသည့် သင်္ကန်းညီနောင်မှ လျှပ်စစ်ဓာတ်အားခွဲကို လက်ရှိ အချိန်အထိ ပြန်လည်ပြုပြင်နိုင်ခြင်းမရှိသေးဘဲ ဒေသခံပြည်သူများအနေဖြင့် နေထိုင်လုပ်ကိုင်စား သောက်ရေး အတွက် ပိုမိုခက်ခဲလာမည်ကို စိုးရိမ်ကြကြောင်း မြဝတီမြို့ခံများက ပြောသည်။