Home သတင်း ဖားအံမြို့အတွင်းရှိ စက်သုံးဆီဆိုင်များ ဆီပြတ်လပ်မှုကြောင့် အကန့်အသတ်ဖြင့်သာ ရောင်းပေးနေ

ဖားအံမြို့အတွင်းရှိ စက်သုံးဆီဆိုင်များ ဆီပြတ်လပ်မှုကြောင့် အကန့်အသတ်ဖြင့်သာ ရောင်းပေးနေ

964
Photo: CJ

ဒီဇင်ဘာလ ၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ ဖားအံမြို့အတွင်းရှိ စက်သုံးဆီဆိုင်များတွင် ယခုရက်သတ္တပတ်အတွင်း ဆီပြတ်လပ်မှုကြောင့် အကန့်အသတ်ဖြင့်သာ ‌ရောင်းပေးနေကြောင်း ဖားအံမြို့နေ ဆိုင်ကယ်နှင့် မော် တော်ယာဉ် မောင်းနှင်သူများထံမှ သိရသည်။

ဖားအံမြို့အတွင်း စက်သုံးဆီပြတ်လပ်မှုမှာ ယခုဒီဇင်ဘာလ ပထမအပတ်အတွင်း စတင်ခဲ့ခြင်းဖြစ်ရာ စက်သုံးဆီပြတ်လပ်နေသော ဆိုင်အချို့ပိတ်ထားရသလို အချိန်ပိုင်းဖြင့်ဖွင့်လှစ်ရောင်းချနေသော ဆိုင်အချို့တွင်လည်း 95 အမျိုးအစား ဓာတ်ဆီအား ကားတစ်စီးလျှင် မြန်မာကျပ်ငွေ ၁ သောင်းဖိုးခန့်နှင့် ဆိုင်ကယ်တစ်စီးလျှင် နှစ်ထောင်ကျပ်မှ သုံးထောင်ကျပ်ဖိုးခန့်သာ ဝယ်ယူရရှိနိုင်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

၎င်းက “မနေ့(ဒီဇင်ဘာလ ၇ရက်) ညနေပိုင်းက သွားထည့်တာ ဖားအံတစ်မြို့လုံးက ဆီဆိုင်တွေ ပိတ်ထားတယ် ဆီပြတ်နေလို့လို့ပြောတယ်။ လမ်းဂွနားက ဒန်ဂိုဆီဆိုင်မှာလည်း 95 ဓာတ်ဆီပဲရတယ်။ ကားတစ်စီးကို ၁ သောင်းဖိုးနဲ့ ဆိုင်ကယ်တစ်စီးဆိုရင် ၃ ထောင်ပဲထည့်လို့ရတာ။ ဆိုင်တွေက စိတ်ကူး ပေါက်တဲ့အချိန်ဆိုရင် ဖွင့်တယ်။ ဒါပေမဲ့ ခုနကပြောသလိုပဲ အကန့်အသတ်နဲ့ရောင်းပေးတာ” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် အချို့စက်သုံးဆီအရောင်းဆိုင်များမှာလည်း နံနက်တစ်ပိုင်းသာ ရောင်းချပေးနိုင်ပြီး အချိန်ကြာ မြင့်စွာ တန်းစီစောင့်ဆိုင်းရကြောင်း ဖားအံမြို့ခံ အခြားအမျိုးသားတစ်ဦးက ပြောသည်။

“ဒီနေ့ အကုန်ပိတ်ထားတယ်။ ကျနော်တို့ဒီနားကဆိုင်က မနက်ပိုင်းဆိုရင် တစ်ယောက်ကို နှစ်ထောင်ဖိုးလောက်ပဲ ရောင်းပြီး လုံးဝပိတ်လိုက်တာ။ မနက်ပိုင်းတောင် သွားတန်းစီရတာ အခြေအနေမကောင်းဘူး။ ဖားအံမှာ အဲ့လိုဖြစ်နေတာ ၃, ၄ ရက်လောက်ရှိနေပြီ” ဟု အဆိုပါအမျိုးသားက ဆိုသည်။

Photo: CJ

စက်သုံးဆီပြတ်လပ်မှုသည် ဖားအံမြို့တွင်သာမက မြို့ကြီးများဖြစ်သော ရန်ကုန်၊ မန္တလေး၊ နေပြည် တော်အပါအဝင်၊ ပုသိမ်၊ တောင်ငူနှင့် မွန်ပြည်နယ်ရှိ ဆီဆိုင်အများစုတွင်လည်း ဖြစ်ပွားနေပြီး ယာဉ် မောင်းသူများ သွားလာရေးအခက်အခဲတွေ့ကြုံနေရကြောင်း ‌မြေပြင်သတင်းအရင်းအမြစ်များမှ သိရှိရသည်။

စစ်ကောင်စီ၏ သတင်းနှင့်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ မြန်မာနိုင်ငံတွင် စက်သုံးဆီအလုံအလောက်ရှိနေပြီး စက်သုံးဆီပြတ်လပ်မှုရှိသည့် သတင်းများမှာ မမှန်ကန်ကြောင်း ပြီးခဲ့သည့်လပိုင်းက ပြောဆိုထားသည်။

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ် သီလဝါဆိပ်ကမ်းရှိ Terminal များတွင် စက်သုံးဆီများ ပြတ်လပ်မှု ကြောင့် ဆီဆိုင်များအား အရန်ဆီများသာထုတ်ပေးနေရသဖြင့် ဆီလုံလောက်မှုမရှိသလို ဆီပြတ်လပ် မှုများ ဖြစ်ပေါ်နေရကြောင်း စက်သုံးဆီလုပ်ငန်းရှင်များ၏ပြောကြားချက်ကို ဒေသတွင်းသတင်းမီဒီယာ များ၏ ဖော်ပြချက်အရ သိရသည်။