Home သတင်း နှစ်ဖက်တိုက်ပွဲ ဆက်ဖြစ်နေ၍ မြဝတီ-ထို့ကော်ကိုး တောင်ပတ်လမ်းကို အသုံးပြုသွားလာနေရ

နှစ်ဖက်တိုက်ပွဲ ဆက်ဖြစ်နေ၍ မြဝတီ-ထို့ကော်ကိုး တောင်ပတ်လမ်းကို အသုံးပြုသွားလာနေရ

953
Photo: CJ

ဒီဇင်ဘာ ၁၃ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်-မြဝတီ အာရှလမ်ပိုင်းနှင့်ကော့ကရိတ်မြို့တွင်း မြို့ပြင်နေရာများတွင် စစ်ကောင်စီတပ် နှင့် ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူပေါင်းတပ်ဖွဲ့များ တိုက်ပွဲဆက်လက်ဖြစ်ပွားနေသောကြောင့် ကုန်စည်စီးဆင်းမှုရပ်တန့်နေပြီး ခရီးသွားကားများအနေဖြင့် မြဝတီ-ထို့ကော်ကိုး တောင်ပတ်လမ်းအားပြောင်းလဲ အသုံးပြုသွားလာနေရကြောင်း ယာဉ်မောင်းသမားများကပြောသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့ညကစ၍ ကော့ကရိတ်မြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲ စတင်ဖြစ်ပေါ်ခဲ့ပြီး ကော့ကရိတ် မြို့ကို တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်နိုင်ရန် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က ကြိုးပမ်းနေသလို စစ်ကောင် စီ ဘက်မှလည်း အပြင်အထန် ခုခံ တိုက်ခိုက်နေကာ လက်ရှိအချိန်ထိ နှစ်ဖက်တိုက်ပွဲ ဆက်ရှိနေသောကြောင့် လမ်းများပိတ်နေ၍ ယခုလို လမ်းကြောင်းပြောင်းလဲ အသုံးပြုနေရကြောင်း ကုန်စည်ကားမောင်းသူ တစ်ဦးက ယခုလိုပြောသည်။

၎င်းက “တိုက်ပွဲဖြစ်တာ ရက်ကြာလာပြီးလေး ၁၀ ရက်ကျော်ပြီးပေါ့။ အခု ကားသေး အိမ်စီးကားတွေ ထို့ကော် ကိုး-နဘူး လမ်းကသွားရတယ်။ ကုန်ကားကြီး ပေးမသွားတော့ ကုန်တွေရပ်တန့်နေတယ်။ တချို့ ပစ္စည်းတွေ ကားသေးနဲ့ ဖားအံ မြဝတီဘက် ပြန်ပြီးသယ်ရတယ်။ ကော့ကရိတ်လမ်းက သွားမရဲဘူး။ ပစ်ခတ်တာရှိတယ်။
ကားမီးရှို့ထားတာ ကားတွေ ကန့်လန့်ပိတ်ထားတာ ကားသမားတွေ တိုက်ပွဲဖြစ်နေတဲ့ ကားလမ်းပေါ်မှာရှိတော့ တိုက်ပွဲထဲ ပိတ်မိနေတာမျိုးဖြစ်နေကြတယ်” ဟု ကေအိုင်စီ သို့ပြောသည်။

နိုဝင်ဘာလ ၃၀ရက်နေ့ညမှ ဒီဇင်ဘာ ၁၂ရက်အထိ ကော့ကရိတ် မြိုတွင်းနေရာများ၊ ချောင်းသောင် ဒုံးကွင်း စစ်ကတုတ်၊ အမှတ် ၃ စစ်ဆေးရေးဂိတ်၊ ခြေမြန်တပ်ရင်း (ခမရ-၉၇) စစ်တပ်နေရာများတွင် နှစ်ဖက်တိုက်ပွဲ များ ဆက်ဖြစ်နေသည့်အတွက် မြိုပေါ်ရပ်ကွက် ၇ ခုမှ ဒေသခံ (၁၅,၀၀၀) ကျော်နေရပ်စွန့်ခွာရှောင်တိမ်းနေကြ ရပြီး ကျေးရွာ ၂၄ ရွာမှ ဒေသခံ (၁၇,၀၀၀) ခန့်လည်း ဘေးလွတ်ရာကျေးရွာများ နှင့် တောင်ပေါ် တောင်ယာ ခြံများဘက် ရှောင်တိမ်းနေထိုင်နေကြရသည်။

Photo: CJ

ကော့ကရိတ် ဒေသခံတစ်ဦးက “အာရှလမ်းက ပိတ်ထားတော့သွားလိုမရဘူး။ ကျေး‌ရွာခြင်းဆက်ထားတဲ့ လမ်း တွေ၊ ရာဘာခြံ ဒူးရင်းခြံတွေကနေ ဖြတ်သွားရတယ်။ စစ်တပ်လက်နက်ကြီးက မြို့ထဲရပ်ကွက်ထဲ အိမ်တွေ ကိုပစ်ချတာဆိုတော့ အိမ်တွေ မီးလောင်တာ ပျက်စီးတာ အလုံးရေ ၁၀၀ လောက် ဖြစ်နေပြီး။ တချို့လည်း မပြောင်းပြေးကြဘူး။ အိမ်စောင့်ကျန်ပြီး နေနေကြတယ်။ စစ်တပ်က မြို့ အလယ်ခေါင်မှာ ဆိုတော့ တိုက်ခိုက် ကြတာ ရပ်ကွက်ထဲဘဲ ကျည်တွေကျနေတယ်” ဟု ကေအိုင်စီ သို့ပြောသည်။

ယခုလို နှစ်ဖက်တိုက်ပွဲကြောင့် ထို့ကော်ကိုး-နဘူး ကျေးနယ်လမ်းပိုင်း အသုံးပြုသွားလာရာတွင် လမ်းပိုင်း တစ်လျှောက်ရှိ စစ်တပ်၊ နယ်ခြားစောင့်-BGF၊ ကရင်ငြိမ်ချမ်းရေးကောင်စီ (KNU/KNLA -PC) တပ်စခန်း ဂိတ် ၂၀ ကျော်ခန့် ကငွေကြေး တောင်းခံမှုများရှိသည့်အတွက် ကုန်စည် သယ်ဆောင်စရိတ်များ မြင့်တက် လာနေ သလို ကားခ ဈေးနှုန်းများလည်း မြင့်တက်လာနေကြောင်း မြဝတီ-ဖားအံ အငှားယာဉ်မောင်းသမားများက ဆိုသည်။

လက်ရှိ ကော့ကရိတ် မြို့အတွင်း စစ်တပ်က အထပ်မြင့် ဒေသခံနေအိမ်များပေါ်တွင် တပ်စွဲနေရာယူထားပြီး မြို့တွင်း ဝင်ထွက်သွားလာနေသည့် ဒေသခံအရပ်သားများအား ပစ်ခတ်မှုရှိသည့်အတွက် ထိခိုက်ဒဏ်ရာရရှိမှု နှင့် သေဆုံးမှုများ ဆက်ရှိနေကြောင်း နေရပ်စွန့်ခွာရွှေ့ပြောင်းနေသူများအား အကူအညီပေးနေသူများက ပြော သည်။