Home သတင်း ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ ဗိုလ်ကြီးအပါအဝင် ၅ဦးသေဆုံး

ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ ဗိုလ်ကြီးအပါအဝင် ၅ဦးသေဆုံး

852
Photo: Internet

ဒီဇင်ဘာလ ၅ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဘီးလင်းမှ ရန်ကုန်ဘက်ခြမ်းသို့ ထွက်လာသည့် စစ်ကောင်စီတပ်၏ ယာဉ် တန်းကို ဒီဇင်ဘာလ ၄ ရက်၊ ယမန်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်း တပ်ဖွဲ့ က မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီအရာရှိ ၁ ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့ကြောင်း ကျိုက်ထိုတော် လှန်ရေးအင်အားစု-KRF က ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါ စစ်ကောင်စီတပ်၏ ယာဉ်တန်း ၇ စီးသည် တိုက်ပွဲဖြစ်ပွားနေသည့်နေရာများသို့ ရိက္ခာများပို့ဆောင် မည်ကို သတိရရှိထားသောကြောင့် မရမ်းချောင်းကွာရီအပိုင်လမ်းကွေ့ တစ်နေရာတွင် KNLA တပ်ရင်း ၃ ၊Tiger Group နှင့်ကျိုက်ထို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပူးပေါင်း၍ လက်လုပ်မိုင်းကြီး ၂ လုံးဖြင့်မိုင်း ဆွဲတိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ အရာရှိအပါအဝင် ၅ ဦးသေဆုံးပြီး ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း KRF ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ မော်ကွန်းက ယခုလိုပြောသည်။

“ သူတို့ယာဉ်တန်းက ဘီးလင်းဘက်ကနေလာပြီးတော့ ရန်ကုန်ဘက်ကို သွားမယ့်ကားတွေပါ။ စကစဘက်က သုံးပွင့်နဲ့အရာရှိတစ်ယောက်အပြင် ၅ ယောက်ပွဲချင်းပြီးသေတယ်။ နောက်ပြီးတော့ ကျန်တဲ့တပ်သား ၆ ယောက် အပြင်းအထန် ထိခိုက်ဒဏ်ရာရတယ်။ စစ်ကားတွေကတော့ အသွားအလာများတယ်။ ဒါပေမဲ့အင်အားက သိပ်မ ပါဘူး။ ကျနော်တို့မိုင်းဆွဲလိုက်တဲ့ကားတန်းဆိုရင် တစ်စီးမှ ၁၅ ယောက်ဝန်းကျင်လောက်ပဲပါမယ်။ ကားတန်းက ၇ စီးထိသွားတာက ၃ စီးမြောက်အစီးကို ထိသွားတယ်။ တော်တော်လေးထိသွားတယ်။ ဒါပေမဲ့သူတို့ ကားမရပ် ဘူး၊ မောင်းပြေးသွားတယ်။”ဟု ကေအိုင်စီသို့ပြောသည်။

ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်၏ ဌာနဆိုင်ရာရုံးများ၊ စစ်စခန်းနှင့်လက်အောက်ခံ သတင်း ပေးများကိုလည်း နယ်မြေခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခြင်းများ မကြာ ခဏပြုလုပ်နေလျက်ရှိသည်ဟု သက်ဆိုင်ရာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သတင်းထုတ် ပြန်ထားလျက် ရှိသည်။

စစ်ကောင်စီတပ်၏ စစ်ယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရ၍ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်ပြီး KNLA ပူးပေါင်း တပ်ဖွဲ့များက သတင်းထုတ်ပြန်ထားသော်လည်း စစ်ကောင်စီတပ်ဘက်က တစ်စုံတစ်ရာ သတင်း ထုတ်ပြန် ထားခြင်း မရှိသေးကြောင်း တွေ့ရသည်။

အလားတူ ကျိုက်ထိုမြို့နယ်နှင့်နီးစပ်သည့် စစ်ကောင်စီတပ်၏ စစ်စခန်းများမှ ယာဉ်တန်းမိုင်း ဆွဲခံရသည့် လမ်းပိုင်းအတွင်းသို့ စစ်ကောင်စီဘက်မှ စစ်အင်အားတိုးမြင့်လာသလို လက်နက်ကြီးပစ်ခတ်မှုများလည်း လုပ်ဆောင်နေလျက်ရှိသည်ဟု KRF ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုမော်ကွန်းက ဆက်ပြောသည်။

“လက်ရှိအခြေအနေက သူတို့မနေ့ကမိုင်းဆွဲခံထိတဲ့နေရာမှာ ညကတည်းကနေ အင်အားတိုးလာတယ်။ သူတို့ ကျ နော်တို့ နယ်မြေအတွင်းမှာလည်း လက်နက်ကြီးတွေဆင်မယ်လို့ သတင်းရထားတယ်။ မနေ့က အခင်း ဖြစ်တဲ့ နေရာမှာ ဖြစ်ပြီးနာရီဝက်အတွင်းမှာပဲ မုပ္ပလင်လမ်းဆုံဂိတ်ရယ် စစ်တောင်းတံတားဂိတ်ကနေပြီးတော့ လက်နက်ကြီးတွေပစ်ထုတ်နေတယ်”ဟု ကိုမော်ကွန်းက ပြောသည်။

ထိုသို့ မွန်ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ စခန်းများထဲမှ လက်ရှိတိုက်ပွဲဖြစ်ပွား နေသည့်နေရာများ အတွင်းသို့ ရိက္ခာပို့ဆောင်မှုများ၊ လူအင်အား စစ်လက်နက်ပစ္စည်းထောက်ပို့ယာဉ်များကို KNLA ပူးပေါင်း တပ်ဖွဲ့ များဘက်က မကြာခဏ တားဆီးပိတ်ဆို့ တိုက်ခိုက်နေသလို အဓိကဆက်သွယ်ရေးကျသည့် တံတားများ ကိုလည်း ဖြတ်တောက်ထားမှုများရှိသည်။

ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာတချို့တွင် KNLA ပူးပေါင်းတပ်ဖွဲ့များက နယ်မြေစိုးမိုးထားပြီး အသွား အလာယာဉ်များနှင့် ရွာအဝင်အထွက်လူများကို စိစစ်ဆေးစစ်မှုများပြုလုပ်နေလျက်ရှိသည်ဟု နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့များ၏ ပြောဆိုချက်အရ သိရသည်။