ဒီဇင်ဘာလ ၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
တိုက်ပွဲပြင်းထန်သည့် ကော့ကရိတ်မြို့ အနီးဝန်းကျင်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA ပူးပေါင်းတပ်များလက်သို့ မကျရှုံးစေရေးအတွက် စစ်ကောင်စီတပ်က စစ်ကူအင်အား၊ လက်နက်ခဲ ယမ်းအင်အားဖြည့်တင်းနေပြီး လမ်းပိုင်းများဖြတ်သန်းသွာလာခွင့် ပိတ်ထားသည့်အပြင် တယ်လီဖုန်း လိုင်းများလည်း ဖြတ်တောက်ထားသည်မှာ ၄ ရက်ရှိပြီဖြစ်ကြောင်း မြေပြင်သတင်းအရင်းအမြစ်ထံမှ သိရသည်။
ဒီဇင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်း ၄ နာရီကျော်အချိန်မှ စတင်ဖြစ်ပွားသော ကော့ကရိတ်မြို့တွင်း တိုက်ပွဲ ကြောင့် သောင်းနှင့်ချီသော ဒေသခံများသည်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး လက်ရှိအချိန်တွင် ဒေသခံများဖြတ်သန်းသွားလာသည့် လမ်းများများကို ပိတ်ထားသလို ဖုန်းလိုင်းများပါ ဖြတ်တောက်ထားသည်ဟု စစ်မြေပြင် သတင်းအရင်းအမြစ်များတစ်ခုက ပြောသည်။
၎င်းက “စစ်တပ်က ဖားအံဘက်က စစ်ကူတွေ BGF တွေနဲ့ ပေါင်းပြီး စစ်ကူပို့နေတယ်။ ကျုံဒိုး၊ နဘူး၊ စကခ ၁၂ ဘက်ကို စစ်တပ်ကားတွေသွားနေတယ်။ အရပ်သား စစ်ဘေးရှောင်တဲ့ကားတွေဆို စစ်ဆေး တယ်၊ ပေးမသွားဘူး။ တံတာကျိုးဂိတ်မှာ ပိတ်တယ်။ နဘူးဂိတ်မှာပိတ်တယ်။ တောင်ကြာအင်းဂိတ်မှာ ပိတ်တယ်။ ဖုန်းကဆက်မရလိုက်ရလိုက် ဖြစ်နေတာကနေ အခုဆက်မရတော့တာ ၄ ရက်ရှိပြီ၊ ကျုံဒိုးကျော်မှ လိုင်းရတယ်။” ဟု ပြောသည်။
လက်ရှိ တိုက်ပွဲဖြစ်ရက်အတွင်း စစ်တပ်က မြို့တွင်း နေအိမ်များအတွင်း ဝင်ရောက်နေထိုင်တပ်စွဲ ထားခြင်းနှင့် အိမ်တွင်းပစ္စည်းများ ခိုးယူဖောက်ထွင်းခံရမှုများလည်းရှိနေကြောင်း၊ မြို့မဈေး နှစ်ထပ် ကွန်ကရစ် ခေါင်မိုးပေါ်မှနေ၍ ရပ်ကွက်များအတွင်း လက်နက်ကြီး၊ စက်သေနတ်၊ RPG ဗုံးပစ်လောင်ချာ သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။

“အခုက အိမ်တွေပိတ်ပြီး မရှောင်ရဲကြဘူး။ သူခိုးဝင်ဖောက်တယ်။ စစ်တပ်ကလည်း ဝင်နေတာ ရှိတယ်။ ကင်းပုန်းဝပ်နေတာ မျိုးပေါ့၊ အိမ်ပေါ်တက်ပြီး ပစ္စည်းတွေ ရှာယူတာလည်းခံ ရတယ်။ ဘေးအိမ်က လူမပြောင်းနေတော့ တွေ့နေရတယ်။ မပြောရဲဘူး ဖြစ်နေတယ် ပြောတယ်။ အခုက ဈေးကြီး၊ ရဲစခန်း၊ ၉၇ တပ်၊ ချောင်းတောင်ရွာထိပ်က စစ်ကတုတ်အဲ့နေရာတွေမှာ စစ်တပ်နဲ့ BGF တွေ ရှိနေတယ်”ဟု ဖားအံ မြို့ဘက် စစ်ရှောင်လာသူ ကော့ကရိတ်မြို့ခံတစ်ဦးက ပြောသည်။
လက်ရှိကော့ကရိတ် မြို့တွင်းမြို့ပြင် နေရာများတွင် စစ်တပ်၊ BGF တပ်များနှင့် KNLA ပူးပေါင်းတပ် စစ်ကြောင်းများ နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်ပြီး ဒီဇင်ဘာလ ၅ရက်၊ ယနေ့နံနက်ပိုင်းအထိ ကော့နွဲ ကျေးရွာအာရှလမ်းမတစ်လျှောက်မှ လှိုင်ဝတံတား အဖွဲ့စုံဂိတ်နေရာများရှိ စစ်တပ်အထိုင်ချ စစ်ကတုတ် ၊ ကာကင်းစခန်း ငယ်များ၊ စစ်တပ်အဖွဲ့စုံ ငွေတောင်းဂိတ်နေရာများအား KNLA ပူးပေါင်းတပ်များ စိုးမိုး ထိန်းချုပ်ထားကြောင်း မြေပြင်သတင်းအရင်းအမြစ်များအရ သိရသည်။
လတ်တလော တိုက်ပွဲဖြစ်စဉ်အတွင်း စစ်တပ်၊ BGF တပ်ဘက်နှင့် KNLA ပူးပေါင်းမဟာမိတ် PDF စစ်ကြောင်းများဘက်မှ နှစ်ဖက်ထိခိုက်ကျဆုံးမှုများအား ထုတ်ပြန်ပြောဆိုခြင်းမရှိသေးသလို အရပ်သား ထိခိုက်သေဆုံးမှုများအား ကော့ကရိတ်အခြေစိုက်အရပ်ဖက်စစ်ဘေးရှောင်ကူညီနေသူများ စာရင်းကို ဆက်လက် ကောက်ခံနေဆဲ အခြေအနေဖြစ်ကြောင်း သိရှိရသည်။



















