Home သတင်း ကော့ကရိတ်မြို့တွင် စစ်ရှောင်ဒေသခံများ၏နေအိမ်ရှိ ပစ္စည်းများခိုးယူခံနေရ

ကော့ကရိတ်မြို့တွင် စစ်ရှောင်ဒေသခံများ၏နေအိမ်ရှိ ပစ္စည်းများခိုးယူခံနေရ

574

ဒီဇင်ဘာ ၂၂ ရက်၊၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီ၊နယ်ခြားစောင့်တပ်(BGF)တပ်များနှင့်တော်လှန်ရေးပူး ပေါင်းတပ်များအကြားတိုက်ပွဲများပြင်းထန်မှုကြောင့် နေအိမ်စွန့် ခွာထွက်ပြေးနေရသည့် ကော့ကရိတ်မြို့ခံများ ၏ နေအိမ်များရှိပစ္စည်းများ ခိုးယူခံနေရကြောင်း စစ်ရှောင်ဒေသခံများထံမှသိရသည်။

ဒီဇင်ဘာလ (၁) ရက်နေ့ကတည်းကစ၍ ကော့ကရိတ်မြို့ပေါ်တွင် အပြန်အလှန်တိုက်ပွဲများ ပြင်းထန်နေသေး သောကြောင့် ကော့ကရိတ်မြို့နှင့်အနီးနားကျေးရွာများရှိဒေသခံများ စစ်ရှောင်နေရဆဲဖြစ်ကာ ၎င်းတို့၏နေအိမ်ရှိ အိမ်မွေးတိရိစ္ဆာန်များ နှင့် အိမ်တွင်းအသုံးအဆောင်ပစ္စည်းများစွာ ခိုယူခံနေရ‌ကြောင်း ကော့ကရိတ်မြို့ အမှတ် (၇) ရပ်ကွက်မှ စစ်ဘေးရှောင်လာသူ ဒေသခံတစ်ဦးက ယခုလိုပြောသည်။

၎င်းက “ကျနော်တို့ရပ်ကွက်ထဲမှာဆို တိရိစ္ဆာန်တွေကအစပျောက်တယ်။ နွားတွေ၊ဝက်တွေအကုန်ပျောက်တယ်။ တချို့ ဆို အိမ်တွင်းအသုံးအဆောင်တွေပါပျောက်နေကြတယ်။ တန်ဖိုးကြီးတဲ့ ရေစုပ်စက်တွေရော မော်တာ တွေရော အကုန်အခိုးခံရတယ်။ တချို့အိမ်တွေဆို ဖောက်ခံထိတယ်” ဟု ကေအိုင်စီ သို့ပြောသည်။

ထို့အတူ ကော့ကရိတ်မြို့နယ်ရှိ အမှတ်(၇)ရပ်ကွက် နှင့် အမှတ်(၃)ရပ်ကွက်တို့တွင် ယနေ့အချိန်အထိ ပစ်ခတ်မှု များ ပြင်းထန်နေ၍ ဒေသခံအများစုက ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး လူမရှိသော နေအိမ်များ မှာ တန်ဖိုးကြီးပစ္စည်းများ နှင့် အိမ်မွေးတိရိစ္ဆာန်များပါ ပျောက်ဆုံးနေသလို အချို့အိမ်များတွင် သော့များဖျက် ဆီး၍ နေအိမ်ဖောက်ခံထားရခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

အမှတ်(၃)ရပ်ကွက်နေ စစ်ရှောင်သူတစ်ဦးက “သူတို့လက်နက်ကြီး အသံကြောင့်လန့်ပြီးထွက်ပြေးတာထင်တာ။ နောက်မှ အိမ်ဘေးနားမှာတချို့ထွက်မလာနိုင်တဲ့လူတွေ ပြောပြမှသိရတာ ည (၈) နာရီလောက်ရောက်ပြီးဆို တိရိစ္ဆာန်တွေ တန်ဖိုးကြီးပစ္စည်းတွေလိုက်ခိုးတော့တာပဲ။ အဖွဲ့စည်းလူလာ စစ်တပ်ကလူလာတော့ မသိရဘူး” ကေအိုင်စီ သို့ပြောသည်။

ယခုလို စစ်ရှောင်ပြည်သူများ၏ နေအိမ်များ အဖောက်ထွင်းခံရသလို အိမ်မွေးတိရိစ္ဆာန်များ အခိုးခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းနှင့် မည်သူမည်သူဝါ ပြုလုပ်နေသည်ကို ဒေသခံများ မသိရှိရဘဲ ညမှောင်သည့်အချိန်တွင် လူ(၅)ဦးခန့်ဖြင့် လိုက်လံခိုးယူနေသည့်အကြောင်းကို မျက်မြင်တွေ့ရှိသော ဒေသခံ တစ်ဦးက ဆိုသည်။

လတ်တလော ကော့ကရိတ်မြို့တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး မြို့တွင်းနှစ်ဖက်တပ်ဆိုင်ထားသည့် အခြေအနေတွင်ရှိကာ အဆိုပါ ကော့ကရိတ်ဒေသခံများ၏ နေအိမ်ရှိ ပစ္စည်းအများဆုံးပျောက်ဆုံးနေသော အမှတ်(၃)ရပ်ကွက်နှင့်အမှတ်(၇)ရပ်ကွက်သည် စစ်ကောင်စီတပ်၏ ထိန်းချုပ်ထားရာ ဘက်ခြမ်းတွင် ရှိနေ ကြောင်း ဒေသခံပြည်သူများထံမှသိရသည်။

လက်ရှိအချိန်တွင် ကော့ကရိတ်မြို့နယ်အတွင်း အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားနေဆဲဖြစ်ကာ တိုက်ပွဲကြောင့် အရပ်သား (၂၀) ဦးခန့်သေဆုံးခဲ့ပြီး ဒေသခံ သုံးသောင်းကျော်ခန့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ် လူသားချင်းစာနာထောက်ထားသည့် အကူအညီများလည်း လိုအပ်နေဆဲဖြစ်သည်ဟု စစ်ရှောင်ကူညီ နေသူများက ဆိုသည်။