ဒီဇင်ဘာ ၆ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျိုက်ဒုံမြို့တွင် ဒီဇင်ဘာလ ၅ရက်နေ့က စစ်ကောင်စီ၏ ကျိုက်ဒုံဗျူဟာမှ ထောင်ထားသည့်မိုင်းကို နင်းမိသဖြင့် အသက် ၂၀အရွယ် မြို့ခံလူငယ်တစ်ဦးမှာ ညာဖက်ခြေထောက် ပြတ်သွားခဲ့သည် ဟု ၎င်းနှင့်ရင်းနှီးသူ မြို့ခံလူငယ်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။
“ကျိုက်ဒုံမြို့ ရပ်ကွက် ၁မှာဖြစ်တာပါ။ ၅ရက်နေ့ မနက် ၈နာရီလောက်မှာဖြစ်တာပါ။ ဖြစ်စဉ်က မောင်သန်းဦးဟာ သူ့အသိ သံပုရာခြံမှာ အိမ်စားဖို့ သံပုရာသီးသွားကောက်တာပါ။ အဲလိုသွားတော့ သံပုရာခြံ၀မှာ မိုင်းကို သူ နင်းမိခဲ့ တာပါ။ ကျနော့်သူငယ်ချင်း အခုလိုဖြစ်သွားရတဲ့အတွက်လည်း စိတ်မကောင်းဖြစ်ပါတယ်။”ဟု အဆိုပါမြို့ခံက ပြော သည်။
မိုင်းနင်းမိသည့်အတွက်ကြောင့် ညာဖက်ခြေထောက် ဒူးအောက်နား ခြေဆစ်ပြတ်သွားခြင်းဖြစ်ပြီး ၎င်းအား နယ်စပ်အ ထိသယ်ဆောင်သွားကာ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်က အုန်းဖန်ဆေးရုံတွင် ပို့ဆောင်ကုသထားကြောင်း သိရသည်။
ပြီးခဲ့သည့်အပတ် ဒီဇင်ဘာလ ၃ရက်နေ့က စစ်ကောင်စီ၏ ကျိုက်ဒုံဗျူဟာကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြသလို ဗျူဟာထဲမှ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ ကြောင်း ဒေသခံများက ပြောဆိုသည်။
၎င်းက “ကျိုက်ဒုံဗျူဟာက သူတို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ လာတိုက်မှာ စိုးရိမ်နေတာကြောင့် မိုင်းထောင်ထားခဲ့ပါ တယ်။ သံပုရာခြံအရှေ့ကို ၂ကီလိုမီတာလောက်မှာ ကျိုက်ဒုံဗျူဟာရှိတယ်လေ။”ဟု ဆက်ပြောသည်။
ရပ်ကွက်(၆)ခုရှိသည့် ကျိုက်ဒုံမြို့တွင် မြို့ခံပြည်သူအများစုမှာ ဒီဇင်ဘာလ ၂ရက်နေ့ကတည်းက မြို့ကိုစွန့်ခွာကာ စစ်ဘေးတိမ်းရှောင်နေကြပြီး မြို့နေပြည်သူ ငါးပုံတစ်ပုံခန့်သာ မြို့ထဲ၌ ကျန်ရှိနေကြောင်း ယခု မိုင်းနင်းမိသူမှာ မြို့တွင်းကျန်ရှိနေသေးသည့် မြို့ခံမိသားစုများထဲမှဖြစ်ကြောင်း သိရသည်။
လတ်တလော အခြေအနေတွင် ကျိုက်ဒုံဒေသတစ်ခုလုံးကို စစ်ကောင်စီဘက်က ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို ဖြတ်တောက်ထားသည့်အပြင် တစ်မြို့လုံးရှိ မြို့ခံများမှာလည်း ယခုကဲ့သို့ မိုင်းနင်းမိသည့်ဖြစ်ရပ်ကြောင့် နေရပ်ပြန်ရေး အတွက်ကိုပင် စိုးရိမ်နေကြသည်။


















