Home သတင်း လေးကေ့ကော်စွယ်တော်ကုန်းရှိ စစ်ကောင်စီတပ်လက်နက်ကြီးကြောင့် မိန်းကလေးငယ်တစ်ဦးထိခိုက်ဒဏ်ရာရ

လေးကေ့ကော်စွယ်တော်ကုန်းရှိ စစ်ကောင်စီတပ်လက်နက်ကြီးကြောင့် မိန်းကလေးငယ်တစ်ဦးထိခိုက်ဒဏ်ရာရ

1128
Photo: CJ

နိုဝင်ဘာလ ၁၀ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့အနီးရှိ စွယ်တော်ကုန်း(အမြောက်တပ်ကုန်း)မှ စစ်ကောင်စီတပ်က ယမန်နေ့ နိုဝင်ဘာလ (၉)ရက်၊ နေ့လည်တွင် ပစ်ခတ်လိုက်သော လက်နက်ကြီး ကော့ကရိတ်မြို့နယ် နို့ဖိုးကျေး ရွာအုပ်စု ထီးသဘလုခီးကျေးရွာထဲသို့ ကျရောက်ပေါက်ကွဲ၍ မိန်းကလေးငယ်တစ်ဦး ထိမှန်ဒဏ်ရ ရာရရှိခဲ့ ကြောင်း ဒေသခံထံမှ သိရသည်။

အဆိုပါ မိန်းကလေးငယ်မှာ အသက် ၁၂အရွယ် နော်အယ်ဖိုးစေးဖြစ်ပြီး စပါးရိတ်သိမ်းရန် မိခင်နှင့်အတူ လယ် ထဲကို သွားရောက်အလုပ်လုပ်နေစဉ် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ ရင်ဘတ်၊ လက်နှင့် ခြေ ထောက်များတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အမည်မဖော်လိုသူ ထီးသဘလုခီးရွာသားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ဘာတိုက်ပွဲမှ ဖြစ်တာမရှိဘဲ လက်နက်ကြီးနဲ့ပစ်တာဖြစ်တယ်။ နေ့ခင်းတဲမှာရှိအချိန်မှာ လက်နက် ကြီး ကျတာ။ ပစ်တာက တစ်လုံး၊ နှစ်လုံးလောက်တော့ရှိတယ်။ တဲမှာ တခြားမောင်နှမတွေရှိတယ်။ ဒါပေမယ့် သူတစ် ယောက်ပဲထိတယ်။ လက်နက်ကြီးကျတဲ့အချိန် သူ့မိခင်က လယ်ထဲစပါးသွားရိတ်တယ်။ သူက တဲမှာရှိတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ကော့ကရိတ်မြို့နယ်တွင် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်နှင့် စစ်ကောင်စီ တပ်ကြား ပစ်ခတ်တိုက် ခိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသလို အဆိုပါ နှစ်ဖက်တိုက်ပွဲနှင့် စစ်ကောင်စီတပ်မှ လက်နက် ကြီးပစ်ခတ်မှုများကြောင့် ယခုလို စပါးရိတ်သိမ်းကာလတွင် အနီးအနားရှိ စပါးစိုက်တောင်သူများနေဖြင့် စပါးရိတ်သိမ်းရန် အခက်တွေ့နေရကြောင်း သိရသည်။

Photo: CJ

ထို့အပြင် မြဝတီမြို့ထဲရှိ စစ်ကောင်စီတပ်စခန်းများအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်မည်ဟု သတင်းထွက်ပေါ်လာပြီးနောက် ၎င်းစွယ်တော်အမြှောက်ကုန်းမှ စစ်ကောင်စီတပ်က လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုများ နေ့စဉ်လိုလို လုပ်ဆောင်လျက်ရှိကြောင်း ဒေသအတွင်း သတင်းအရင်း အမြစ်ထံမှ သိရသည်။

တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ မြဝတီမြို့အတွင်း ဝင်ရောက်တိုက်ခိုက်မည့် သတင်းကြောင့် လတ်တလောတွင် မြို့တွင်းရှိ စစ်ကောင်စီနှင့်ပတ်သက်သူအချို့ နေရာပြောင်းရွေ့နေထိုင်ခြင်းနှင့် ရိက္ခာများ ဝယ်ယူစုဆောင်းထားခြင်းများရှိနေကြကြောင်းလည်း ဒေသခံထံမှ သိရသည်။