Home သတင်း လက်နက်ကြီးကျရောက်မှုကြောင့် တစ်ရက်အတွင်း ဒေသခံ နှစ်ဦးဒဏ်ရာရ

လက်နက်ကြီးကျရောက်မှုကြောင့် တစ်ရက်အတွင်း ဒေသခံ နှစ်ဦးဒဏ်ရာရ

826
Photo: CJ

နိုဝင်ဘာလ ၁၁ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်/ တပ်မဟာ(၆)နယ်မြေ၊ ကောက့ရိတ် မြို့နယ် တောင်ပိုင်းကျေးရွာများတွင် ယမန်နေ့ တစ်ရက်တည်း လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် ဒေသခံအရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကော့ကရိတ်မြို့နယ် တောင်ပိုင်း /မြောက်ပိုင်း ပတ်ပတ်လည်တွင် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ကော့ကရိတ်မြို့ တောင်ပိုင်းဘက်သို့ လက်နက်ကြီးကျည်ကျရောက်သဖြင့် ရွာသား(၂)ဦးဒဏ်ရာရရှိခဲ့ကြောင်း ကော့ကရိတ်မြို့နယ် တောင်ပိုင်းဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက ” တိုက်ပွဲဖြစ်ပြီး ပစ်ခတ်လို့ ရွာသားကိုထိရင်ဘာမှမ‌ပြောဘူး။ အခုက ရွာထဲမှာ ဘာစစ်သား၊ ဘာတိုက်ပွဲမှမရှိဘူး။ ဒီလိုကော့ကရိတ် တောင်ပိုင်း/မြောက်ပိုင်း ပတ်ပတ်လည်ကို လိုက်ပစ်တာတော့မဖြစ်သင့်ဘူး။ ဒီနေ့ မှာလည်း အံဖကြီးက အသက်(၆၀) အပျိုကြီးအမျိုးသမီးတစ်ယောက်နဲ့အံဖလေးက အမျိုးသားတစ်ယောက်ထပ်ထိသေးတယ်။ အံဖလေးကတစ်ယောက် တော့ရင်ဘတ်မှာ ထိတာဒဏ်ရာပြင်းတယ်”ဟု ကေအိုင်စီသို့ပြောသည်။

အလားတူ ကော့ကရိတ်မြို့ပြင်သာမက မြို့တွင်းတွင်လည်း လက်နက်ကြီးများ မကြာခဏ ကျရောက် ပေါက်ကွဲခဲ့သဖြင့် မြို့တွင်းပြည်သူများလည်း နေရပ်စွန့်ခွာတိမ်းရှောင်သူ အများအပြားရှိပြီး ကျန်ရှိသူ များလည်း စိုးရိမ်ကြောက်လန့်စိတ်ဖြင့် နေထိုင်ရကြောင်း မြို့ခံများက ပြောသည်။

Photo: CJ

“လက်နက်ကြီးက အမြဲပစ်တာဆိုတော့ ထိခိုက်မှုက မကြာမကြာရှိမှာပဲ။ မြို့တွင်းမှာပစ်ချရင် မြို့တွင်း ကနေတဲ့သူတွေ ထိမယ်။ မြို့ပြင်မှာ ပစ်ထုတ်ရင် မြို့ပြင်ကပြည်သူတွေ ထိမယ်။ မြို့တွင်းက ပြည်သူတွေလည်း တော်တော်များများ တိမ်းရှောင်ကြပြီး ကျန်ခဲ့တဲ့သူတွေလည်း စိုးရိမ်စိတ်ဖြင့်နေရတယ်”ဟု မြို့တွင်း နေထိုင်သူတစ်ဦးက ပြောသည်။

ထို့အပြင် ယခုလ နိုဝင်ဘာလအတွင်း ယမန်နေ့က အရပ်သား ၂ ဦးအပါအဝင် လက်နက်ကြီးကြောင့် ကော့ကရိတ်မြို့အနီးအဝိုက်တွင် ထိခိုက်ဒဏ်ရာရရှိသည့် အရပ်သားပြည်သူ စုစုပေါင်း(၈)ဦးရှိပြီဟု ဒေသခံများက ပြောသည်။