နိုဝင်ဘာလ ၁၆ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၏ မြို့တော် ဖားအံမြို့ရှိ စက်သုံးဆီဆိုင်များတွင် လောင်စာဆီ ပြတ် လပ်မှုကြောင့် အရောင်းယာယီရပ်နားထားရပြီး လက်ကျန်ဆီကို အကန့် အသတ် ဖြင့် ရောင်းချသည့်ဆိုင်အချို့ဆက်ရှိနေသေးကြောင်း ဖားအံ မြို့ခံများက ပြောသည်။
ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက်တွင် ဖားအံမြို့ စက်သုံးဆီဆိုင်များတွင် ကားတစ်စီးကို လောင်စာဆီကျပ် ၁၀၀၀၀ ဖိုး ၊ ၁၅၀၀၀ ဖိုးသာ ရောင်းချပြီး ဖားအံ မြို့ခံ စက်သုံးဆီဆိုင်ဖြစ်သည့် ချောစု၊ ရတနာမြေ ဆိုင်များတွင်သာ လောင်စာဆီ ဝယ်ယူရသည့် အခြေအနေဖြစ်နေကြောင်း ဖားအံမြို့ခံများက ပြောသည်။
“ဒီရက်ထဲမှာ ဖားအံဆီဆိုင်ဆီဈေးက 92 ဓါတ်ဆီ ၂၁၇၀ ကျပ်၊ 95 ဓါတ်ဆီ ၂၂၉၀ ကျပ်၊ ဒီဇယ်ဆီ ၂၂၈၅ ကျပ်ပေါက်ဈေး နဲ့ ရောင်းတယ်။ တချို့ ဆိုင်ကြီးတွေ ဓါတ်ဆီ/ဒီဇယ်ဆီ ရောင်းကုန်တော့ ယာယီ ပိတ်ထားရတယ်။ ဒန်ကို (Denko)ဆိုင်ဆိုရင် ဒီဇယ်ပဲ ရောင်းတော့တယ်။ ဓါတ်ဆီမရတော့ဘူး။ မချောစု ဆီဆိုင်၊ ရတနာမြေဆီဆိုင်တွေကတော့ ဝယ်လို့ ရနေသေးတယ် ”ဟု ဖားအံမြို့ခံ တစ်ဦးက ပြောသည်။
ယခုလို လောင်စာဆီ ပြတ်လပ်နေသည့် အခြေအနေနှင့်ပတ်သက်ပြီး ဖားအံမြို့ရှိ လောင်စာဆီ လုပ်ငန်းရှင်များဆီကို ကေအိုင်စီ-ကရင်သတင်းဌာနက တယ်လီဖုန်း ဆက်သွယ်မေးမြန်းရာတွင် ရန်ကုန်ကနေပို့သည့် နောက်ခံဆီမဝင်လာသေး၍ အရောင်းရပ်နားထားခြင်းဖြစ်ပြီး လုံခြုံရေး အခြေအနေအရ ယခုထက်ပိုပြီး မဖြေဆိုလိုသေးကြောင်း ပြောသည်။
လတ်တလော မြန်မာပြည်တွင်း မြို့ /ရွာများဘက်တွင် လောင်စာဆီ ပြတ်လပ်မှု ကြောင့် စက်သုံး ဆီဆိုင်များ၌ လောင်စာဆီကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေရသည့် အခြေအနေနေ့စဉ် ဖြစ်ပေါ်နေသည့်အတွက် စက် /ယာဉ် အသုံးပြုသွားလာ လုပ်ကိုင်သူများ နေ့ရောညပါ ဆီဆိုင်တွင် တန်းစီစနစ်ဖြင့် ဝယ်ယူနေရသည့် အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။
အလားတူ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ဘက်တွင် စက်သုံးဆီကို ထိုင်းနိုင်ငံဘက်မှ တင်သွင်းပြီး တစ်ဆင့်ပြန်လည်ရောင်းချသည့်အတွက်လောင်စာဆီဈေးနှုန်းတက်နေသည်မှာ ကြာမြင့်ပြီဖြစ်ကြောင်း၊ ဆီပြတ်လပ်သည့်အခြေအနေမျိုး မရှိကြောင်း မြဝတီ မြို့ခံတစ်ဦးက ပြောသည်။
၎င်းက “ဒီက မြဝတီမှာတော့ ဓါတ်ဆီ /ဒီဇယ် ဈေးတက်တယ်၊ ၂၆၀၀/၂၇၀၀ ချည်းပဲ။ ဘတ်ငွေဈေးနဲ့ဆိုတော့ ဈေးများတယ်။ ထိုင်းဘက်က ဆီဝင်တော့ ဆီမပြတ်ဘူး။ ဖားအံဘက်မှာက ထိုင်းဆီမရောင်းနိုင်ဘူး။ ဈေးတက်ရောင်းရင်ဖမ်းမယ်ဆိုတော့ ၊ ရန်ကုန်သီလဝါ ဆိပ်ကမ်းကဝင်တဲ့ ဆီခွဲတမ်းမရတော့ အရောင်းရပ်ထားတာပေါ့ ” ဟု ကေအိုင်စီသို့ ပြောသည်။
အာဏာသိမ်းစစ်ကောင်စီက ပြည်တွင်းလောင်စာဆီ ပြတ်လပ်နေမှုမှာ သတင်းမှားသာဖြစ်ပြီး အရံဆီဂါလံ 92 ဓါတ်ဆီ ၁၃ သန်းနှင့် ဒီဇယ်ဆီ ဂါလံသန်းပေါင်း ၃၀ ခန့် ရှိနေသေးကြောင်း နိုဝင်ဘာလ ၁၃ ရက်က စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ပြန်ပြောဆိုထားသည်။
ထိုသို့ စစ်ကောင်စီက ပြောဆိုထုတ်ပြန်ထားသော်လည်း လက်ရှိ မြန်မာပြည်တွင်း မြို့/ရွာများတွင် လောင်စာဆီကို တန်းစီစနစ်ဖြင့် ဝယ်ယူနေကြရပြီး ရောင်းချသည့် ဆိုင်များတွင်လည်း အကန့်အ သတ်ဖြင့်သာ ဝယ်ယူ၍ရသည့် အခြေအနေ ဆက်လက်ကြုံတွေ့နေကြရကြောင်း သိရသည်။



















