နိုဝင်ဘာလ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်ရုံးအနီး နို့ပလော (မြေနီကုန်း)ကျေးရွာထဲသို့ ယနေ့ နံနက် ၁၁ နာရီကျော်အချိန်တွင် စစ်ကောင်စီက လေကြောင်းဖြင့် ၂ ကြိမ် တိုင်တိုင် လာရောက်ဗုံးကြဲချသွားခဲ့သည်ဟု ဒေသခံရွာသားများက ပြောသည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုတွင် လူနေအိမ်တစ်လုံးပျက်စီးသွားပြီး ဆယ်ကျော်သက်အရွယ် အရပ်သား တစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်ဟု အမည်မဖော်လိုသူ ဒေသခံရွာသားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
၎င်းက “ ၁၁ နာရီလောက်မှာ တစ်လုံး လာကြဲသွားတယ်။ ပြန်သွားပြီးတော့ ၅ မိနစ်ဝန်းကျင် ကျော်လောက်ပဲ ကြာမယ်။ နောက်တစ်လုံး ထပ်ကြဲပြန်တယ်။ အဲဒီမှာ အိမ်တစ်လုံးနဲ့ အိမ်သာတစ်လုံး ထိသွားတယ်။ အိမ်ကတော့ လုံးဝပျက်စီးသွားတယ်။ ကံကောင်းသွားတာက အိမ်ရှင်က ဘုန်းကြီး ကျောင်းသွားကြလို့ လူမရှိဘူး။ အနီးနားက ကောင်လေးတစ်ယောက်ထိသွားတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို စစ်ရေးပစ်မှတ်တစ်စုံတရာမရှိဘဲ အရပ်သားများ နေထိုင်ရာ ကျေးရွာထဲသို့ ယခုလို အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်သွားသည့်အတွက် ရွာသားများ မှာ စိုးရိမ်ထိတ်လန့်နေရသည်ဟု ၎င်းဒေသခံရွာသားက ပြောသည်။
ကျေးရွာထဲ ဗုံးကြဲတိုက်ခိုက်ခံရ၍ ဒေသခံအရပ်သားပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ယခုအချိန်ထိ နေအိမ်မပြန်ရဲကြသေးကြောင်း သိရသည်။