Home သတင်း မိုင်းနှင့်လက်နက်အကြွင်းကျန်အန္တရာယ်ကြောင့် လေးကေကော်မြို့သစ်နေထိုင်သူများ အိမ်ခြံ သန့်ရှင်းရေးမလုပ်ဆောင်နိုင်သေး

မိုင်းနှင့်လက်နက်အကြွင်းကျန်အန္တရာယ်ကြောင့် လေးကေကော်မြို့သစ်နေထိုင်သူများ အိမ်ခြံ သန့်ရှင်းရေးမလုပ်ဆောင်နိုင်သေး

792

နိုဝင်ဘာလ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မြဝတီမြို့တောင်ဘက်ပိုင်းရှိ လေးကေကော်မြို့သစ်တွင် လွန်ခဲ့သည့် ၂ နှစ်ကျော်က ဖြစ်ပွားသော တိုက်ပွဲဖြစ်စဉ်ကြောင့် မိုင်းနှင့် လက်နက်အကြွင်းအကျန်ပစ္စည်းအန္တရာယ်ကြောင့် လက်ရှိအချိန်ထိ မြို့ သစ်နေထိုင်သူများ အိမ်ခြံသန့်ရှင်းရေးလုပ်ဆောင်ရန် အခက်တွေ့နေရသည်ဟု သိရှိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက လေးကေကော်မြို့သစ် နေထိုင်သူများ အိမ်သန့်ရှင်းရေး၊ ခြံသန့်ရှင်းရေးလုပ်ရန် အုပ်ချုပ်ရေးလုပ်ဆောင်သူတစ်ဦးက ဖိအားပေးခိုင်းစေသည့်အတွက် မိုင်းနှင့် စစ်ကျန်ပစ္စည်းများ အန္တ ရာယ်ရှိနေသေး၍ နေအိမ်ခြံဝင်း ပိုင်ရှင်များ အခက်တွေ့နေကြကြောင်း နေရပ်မပြန်နိုင်သေးသည့် စစ်ရှောင်အမျိုးသမီးတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “အခု နိုဝင်ဘာ ၁၂ရက်က တခြားနေရာတွေမှာ ရှောင်နေကြတဲ့ လေးကေကော် ရပ်ကွက်သား တွေ ပြန်လာနေဖို့ ၆ ရပ်ကွက်မှူး ဦးမျက်မှန်က ပြောလာတယ်။ ခြံတွေ၊ အိမ်တွေ သန့်ရှင်းရေးလာ လုပ်ပါ၊ မလုပ်ရင်ဘတ်ငွေ တစ်ထောင်ပေးရမယ် ပြောနေတယ်။ ကျမတို့အိမ်တွေ ခြံတွေ က လက်နက် ကြီး ကျပြီးစိုက်နေတာရှိတယ်။ မိုင်းတွေရှိနေတယ်။ မိုင်းထိလို့ ရှိရင်သူ့ရဲ့ ခြေထောက်သူပေးမှာလားပေါ့။ BGF တွေ၊ စစ်တပ်တွေက လေးကေ့ကော်မှာ စခန်းချပြီး နေနေတာ။ လက်နက်ကြီးကုန်းကလည်း ပစ်ခတ်တာတွေ ဆက်ရှိနေတာဆိုတော့ ကျမတို့ မပြန်ရဲသေးဘူး ”ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ဒီဇင်ဘာလက လေးကေကော်ဒေသအတွင်းသို့ ကိုယ့်အစီအစဉ်ဖြင့် ပြန်လည်နေထိုင် ကြရန် အုပ်ချုပ်ရေးပိုင်းမှ နေထိုင်ခွင့်ပြုထားစဉ် လေးကေကော်ပန်းခြံကုန်းတွင် ကိုင်းတောများရှင်းလင်း အမှိုက်မီးရှို့ရာ၌ ကြွင်းကျန်လက်နက်ကြီးပေါက်ကွဲသဖြင့် အမျိုးသမီးတစ်ဦး မျက်နှာ ပြင်းထန်ဒဏ်ရာနှင့် အမျိုးသား နှစ်ဦး အစထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်များရှိခဲ့ကြောင်း သိရသည်။

“လေးကေကော်မှာ မနှစ်က လူတွေပြန်နေကြတယ်။ သန့်ရှင်းရေးလုပ်တော့ထပေါက်တယ် လူထိတယ်။ အခုလည်း လူတွေ ပြန်နေနေကြတယ်၊ သူခိုးတွေ ပေါနေသလို တိုက်ပွဲဖြစ်တော့ ချန်ထားခဲ့တဲ့ ပစ္စည်း တွေ၊ ကားတွေ၊ ဆိုင်ကယ်တွေ၊ အိမ်တွေက တံခါးချပ်တွေ၊ ခုံတွေ၊ စားပွဲတွေ စက်ပစ္စည်းတွေ၊ ဗွီဒိုတွေ ၊ အိမ်အသုံး‌အဆောင်ပစ္စည်းတွေအကုန် ကားကြီးတွေနဲ့ တိုက်သယ်ပြီး မြဝတီကို တက်ရောင်းကြတာမျိုး အထိရှိတယ်။ အခုနောက်ဆုံး လျှပ်စစ်ဓါတ်တိုင်က လိုင်းမီးကြိုး ကြီးတွေပါ ဖြုတ်ခိုးတာ ခံနေရတယ်။ ”ဟု လက်ရှိ လေးကေကော်တွင် ပြန်လည်နေထိုင်သူတစ်ဦးက ပြောသည်။

အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး လေးကေကော် အုပ်ချုပ်ရေးတာဝန်ရှိသူများထံ ကေအိုင်စီ-ကရင်သတင်းဌာနက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်း၍ မရရှိသေးသလို မြေပြင်ဒေသခံများ ပြန် လည် နေထိုင်နေကြရသည့် အခြေအနေကိုလည်း ဆက်လက်အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်တွင် လေးကေကော်ဒေသအတွင်း စစ်ကောင်စီတပ် ၏ နယ်မြေရှင်းလင်းရေး ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များနှင့် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေမှုမှာ ယနေ့အချိန်ထိ စွယ်တော် အမြှောက်ကုန်း၊ လက်ခတ်တောင်၊ ရသေ့ဂူကျေးရွာ နေရာများတွင် စစ်ရေး တင်းမာမှုများ ဆက်ရှိနေသည်။

ထို့ကြောင့် အနီးအနားရှီ ကျေးရွာများတွင် ပြန်လည်နေထိုင်သည့် ဒေသခံအရပ်သားပြည်သူများ အ နေဖြင့် တိုက်ပွဲအန္တရာယ်၊ မိုင်းအန္တရာယ် ကျရောက်နိုင်သည့်အခြေအနေဆက်ရှိနေသေးကြောင်း စစ်ဘေးရှောင်ကူညီနေသူများပြောစကားအရ သိရသည်။

လက်ရှိ လေးကေကော် ဒေသအတွင်းသို့ ပြန်လည်ဝင်ရောက် နေထိုင်နိုင်ခြင်း မရှိသေးသည့် မိသားစု အများအပြား နေရာစုံတွင် ရွှေ့ပြောင်း နေထိုင်စစ်ရှောင်ရဆဲ အခြေအနေရှိပြီး ယာယီစစ်ရှောင်စခန်း ပလော့တပို့ စခန်းတွင်လည်း စားသောက်စရာ ရိက္ခာလိုအပ်ချက်ရှိနေကြောင်း စခန်းတွင်း နေထိုင်သူများ ပြောသည်။