နိုဝင်ဘာလ ၁၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့ပေါ်ရှိရပ်ကွက်များတွင် စစ်ကောင် စီတပ်ဖွဲ့ဝင်များမှ ညအချိန်ဧည့်စာရင်း ဝင်ရောက်စစ်ဆေးမှုများ တင်းတင်း ကြပ်ကြပ် ပြန်လည်ပြုလုပ်လာကြောင်း ထားဝယ်မြို့ခံများက ပြောသည်။
ထားဝယ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် စက် တင်ဘာလ ဒုတိယအပတ်မှ စတင်ပြီး တကျော့ပြန် စစ်ကြောင်းထိုး ဝင်ရောက် လာသောကြောင့် ယခုနိုဝင်ဘာလအတွင်း ထားဝယ်မြို့ပေါ်ရှိ ဥဿရံရပ်ကွက်၊ မြောင်း ပုလဲရပ်ကွက်၊ မြို့သစ်ရပ်ကွက်များနှင့် စစ်ဘေးရှောင်အများစု လာရောက်ငှားရမ်း နေထိုင်ကြသည့် ကြက်စားပြင်ရပ်ကွက်ရှိ အခန်းတွဲများတွင် ညအချိန် ဧည့်စာရင်း ဝင်ရောက်စစ်ဆေးမှုများ ပြန်လည်ပြုလုပ်လျက်ရှိကြောင်း မြို့ခံများက ပြောသည်။
အမည်မဖော်လိုသူ မြို့ခံတစ်ဦးက “ဧည့်စာရင်းမစစ်တာတော့ ကြာပြီး ရပ်ကွက် တွေမှာက။ အခုရက်ပိုင်းတော့ ရွာဘက်မှာ တိုက်ပွဲဖြစ်နေတော့ စစ်သားနဲ့ ရဲပေါင်းပြီး ရပ်ကွက်တွေမှာ ဧည့်စာရင်းတွေ အိမ်ပေါ်ထိ ဖိနပ်နဲ့ အတင်းတက်ပြီး လိုက်ရှာတာတွေ လုပ်တယ်။ မျက်နှာတွေကို ဓာတ်ပုံရိုက်တာတွေ အကုန်လုပ်သွားတယ်။ မနေ့ကဆို လောင်းလုံး ဘက်တိုက်ပွဲဖြစ်လို့ ထားဝယ်တစ်မြို့လုံး မီးပျက်တယ်။ အဲ့အချိန်မှာလည်း လာစစ်ကြတာဘဲ။” ဟု ကေအိုင်စီ သို့ပြောသည်။
အဆိုပါ ကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ မကြာခဏ စစ်ကြောင်းထိုး ဝင်ရောက်မှုများ လုပ်ဆောင်လေ့ရှိသောကြောင့် ဒေသခံများအနေဖြင့် မြို့ပေါ်သို့ ယာယီ ရွှေ့ပြောင်းနေထိုင်သူများရှိနေပြီး တချို့မှာ အပြီးသတ်ပြောင်းရွှေ့လာသူများလည်း ယခင်ကထက် ပိုမိုများပြားလာကြောင်း ၎င်းဒေသခံက ဆက်ပြောသည်။

ထို့အပြင် ထားဝယ်မြို့ အနီးရှိ လောင်းလုံးမြို့တွင် ယမန်နေ့ နံနက် ၇ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ကြောင်းနှစ်ကြောင်းခွဲကာ လောင်းလုံးမြို့မှ တစ် ဆင့် ညင်းမော်ကျေးရွာနှင့် စပ်ပြဲကျေးရွာ အတွင်းသို့ အင်အား (၅၀)ခန့်ဖြင့် စစ်ကြောင်း ထိုး ဝင်ရောက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း လောင်းလုံးမြို့နေ ဒေသ ခံတစ်ဦးက ပြောသည်။
၎င်းက “စစ်ကြောင်းစထိုးတာကတော့ ပြီးခဲ့တဲ့ ၈ရက်နေ့ကတည်းက စထိုးတာ။ စစ်ကြောင်းထိုးတော့ ရွာထဲက ဆိုင်ကယ်တွေ တော်တော်များများ ဖျက်ဆီးခံ လိုက်ရ တယ်။ နေအိမ်တွေလည်း မီးရှို့ခံလိုက်ရတယ်။ ဒေသခံတွေကတော့ နီးတဲ့ မြို့တွေ တောတွေထဲ လိုက်ပုန်းနေရတယ်။ ဒီနေ့ထိပဲ။”ဟု ကေအိုင်စီ သို့ပြောသည်။
၎င်းစစ်ကောင်စီ စစ်ကြောင်းသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၈ရက်နေ့မှစတင်ပြီး လောင်းလုံးမြို့ အနောက်ဘက် ကျောက်ဆင်ရွာ၊ သဘော့ဆိပ်ရွာ၊ ပြင်ကြီးရွာ၊ ကရင်ကြီးရွာ၊ ကမ်းပနီးရွာနှင့် ပညစ်ကျေးရွာ အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး နေအိမ်အတွင်းရှိ တန်ဘိုးရှိပစ္စည်းများကို ယူဆောင်သည့် အပြင် အရပ်သား နေအိမ် ၈ လုံးကိုလည်း မီးရှို့ခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။



















