Home သတင်း ဆန်စျေးကြီးမြင့်မှုကြောင့် ရိုးရာဆန်ဖြင့် အရက်ချက်သူများ ခက်ခဲလာ

ဆန်စျေးကြီးမြင့်မှုကြောင့် ရိုးရာဆန်ဖြင့် အရက်ချက်သူများ ခက်ခဲလာ

1178

နိုဝင်ဘာ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်နှင့် ပိုင်ကျုံမြို့နယ်များတွင် ကရင့်ရိုးရာပွဲများနှင့် အိမ်တွင်းအသုံးပြုရန် ဆန်ကိုအခြေခံချက်လုပ်သည့် ကရင့်ရိုးရာဆန်ဖြင့် အရက်ချက်သူများသည် ဒေသတွင်း ဆန်စျေးနှုန်းများ အဆမတန်မြင့်တက်သောကြောင့် အဆင်မပြေခက်ခဲလာနေသည်ဟု အရက်ချက်ဒေသခံများထံမှ သိရသည်။

စစ်အာဏာသိမ်းမှု မတိုင်ခင်ကာလတွင် ဆန်တစ်တင်းကို ကျပ်နှစ်သောင်းကျော် ဝန်းကျင်သာပေးဝယ်ခဲ့ရ သော်လည်း အာဏာသိမ်းပြီးနောက် ဆန်တစ်တင်းကို ငါးသောင်းကျော်၊ ခြောက်သောင်း နီးပါးအထိ ပေးဝယ်ရသည့်အတွက် ရိုးရာဆန်ဖြင့်ချက်သော အရက်များလိုသလောက် ပြုလုပ်နိုင်ခြင်း မရှိသည့် အကြောင်းကို အရက်ပြုလုပ်သူဒေသခံတစ်ဦးက ပြောသည်။

၎င်းက “အခုက ကိုယ်စားဖို့အတွက်ဆန်တောင်မှ ဝယ်ဖို့အဆင်မပြေဘူးဖြစ်နေတာ။ အဲလိုအရက်ချက်ဖို့ အတွက်ဆိုရင် ပိုဆိုးတယ်။ ကုန်စျေးနှုန်းတွေတက်တော့ ရိုးရာပွဲနေ့တွေဆို လုပ်တောင်လုပ်ချင်စိတ် မရှိ တော့ဘူး” ဟု ကေအိုင်စီ သို့ပြောသည်။

ကရင့်ရိုးရာဆန်အရက်ချက်သည့်အခါတွင် လိုအပ်သောကုန်ကြမ်းပစ္စည်းများ ပြတ်တောက်ခြင်း၊ ပစ္စည်းဈေး တန်ဖိုးများ အဆမတန်မြင့်တက်နေခြင်းနှင့် ဝယ်ယူရန်အတွက် လမ်းခရီးလုံခြုံမှုမရှိသည့်အတွက်ကြောင့် ရိုးရာဆန်အရက် ပြုလုပ်ရန်အခက်အခဲဖြစ်စေကြောင်း ၎င်းဒေသခံက ဆက်ပြောသည်။

“အခုချိန် ကုန်စျေးနှုန်းတွေတက်တော့ ရိုးရာပွဲကျင်းပတဲ့အခါမှာ အရက်ကိုလိုသလောက်တော့ ချက်လို့မရ တော့ဘူး။ နောက်ပြီးတော့ အခုကုန်စျေးနှုန်းနဲ့ ကျနော်တို့ ရိုးရာအရက်စစ်စစ်ချက်ရဖို့အတွက် အကန့် သတ် တွေရှိလာတယ်။ ဆန်ရှိသလောက်ပဲချက်နိုင်တော့တယ်”ဟု ၎င်းအရက်ချက်လုပ်သူက ဖြည့်စွက်ပြောသည်။

ကရင့်ရိုးရာဆန်အရက်ကို ကရင့်ရိုးရာမင်္ဂလာဆောင်ပွဲများ၊ လိပ်ပြာခေါ်ပွဲ နှင့် ရပ်ရွာ၊ တောင်ယာ၊ လယ်ယာ စိုက်ပျိုးခြင်းများတွင် စပါးနှင့်စိုက်ပျိုးသီးနှံများ အထွက်တိုးစေရန် ပူဇော်ပသခြင်းစသည့်ရိုးရာ အစဉ်အလာ များတွင် အသုံးပြုရန်အတွက် ရိုးရာအရက်ကို ချက်လုပ်ကြခြင်းဖြစ်ကြောင်းလည်း ဒေသခံများက ပြောသည်။

ကေအဲန်ယူ-ကရင့်အမျိုးသားအစည်းအရုံး အုပ်ချုပ်နယ်မြေများတွင် ရိုးရာဆန်အရက်ကို စီးပွားဖြစ် ချက် လုပ်ရောင်းချခြင်းကို ခွင့်ပြုမထားသော်လည်း ရိုးရာပွဲနေ့များနှင့် မိမိအိမ်တွင်းအသုံးပြုမှုအတွက် ပြုလုပ် ခြင်းကို ခွင့်ပြုထားကြောင်းလည်း ဒေသခံများက ပြောသည်။