နိုဝင်ဘာလ ၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကြား နှစ်ဖက်စစ်ရေးတင်းမာနေသောကြောင့် ဒေသခံများ အနေဖြင့် ညအချိန်သွားလာခြင်းမပြုကြရန် သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယမန်နေ့ညတွင် သတိပေးထုတ်ပြန်လိုက်သည်။
သရက်ချောင်းမြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် ညအချိန် စစ်ဆင်ရေး ဖော် ဆောင်ရာတွင် ဒေသခံများနှင့် ဒေသခံအသွင်ဆောင်ထားသော စစ်ကောင်စီများအား မှားယွင်းပစ်ခတ်မှု မဖြစ်ပွားစေရန် ရည်ရွယ်ပြီး မြို့နယ်တွင်းရှိ ဒေသခံများကို ည ၇ နာရီမှ နံနက် ၅ နာရီ အထိသွား လာခြင်း မပြုလုပ်ကြရန် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း သရက်ချောင်းမြို့နယ် ပကဖ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
၎င်းက “ကျနော်တို့ (၃၀) ရက်နေ့ကလည်း ဒီတိုင်းပါပဲ၊ ကျနော်တို့ တိုက်ပွဲဖြစ်တယ်။ မဖြစ်ခင်မှာ ကျနော်တို့ ကင်းပုန်းစောင့်နေတဲ့နေရာကို စကစ တွေဘက်က ရန်ကုန် Taxi ကားတွေနဲ့ ပြည်သူ အသွင် တွေယူပြီးတော့ ဖြတ်သွားဖြတ်လာတာတွေရှိတယ်။ သူတို့ တပ်ရင်းထဲကိုဝင်မှ ပစ်ရတယ်။ ကျနော်တို့က ဘယ်နှစ်နာရီကနေ ဘယ်နှစ်နာရီ ထိသွားလာနေထိုင်ပါလို့ သူတို့ဘက်က လိုက်နာ မယ်ဆိုရင် ည ၈နာရီကျော်ရင်ခွေးကားလို့ပဲ သတ်မှတ်လို့ရတယ်။”ဟု ကေအိုင်စီ သို့ပြောသည်။
အဆိုပါ ထားဝယ်-မြိတ်ကားလမ်းပိုင်းတွင် မဖြစ်မနေသွားလာနေရသည့် ယာဉ်မောင်းများ အနေဖြင့် လည်း ညအချိန်သွားလာရာတွင် ကားမှန်ကိုချထားပေးရန်နှင့် ကားအတွင်းမီးများကို ဖွင့်ထားပေးစေလိုကြောင်းလည်း ၎င်းက ဆက်ပြောသည်။
သရက်ချောင်းမြို့နယ် ပကဖ ၏ ထုတ်ပြန်ချက်တွင် စစ်ကောင်စီယာဥ်တန်းနှင့်အတူ သွားလာခြင်း မပြု လုပ်ကြရန် ထိုသို့ စစ်ကောင်စီယာဉ်တန်းနှင့် အနီးကပ်သွားလာသောကားများအနေဖြင့်လည်း ထိခိုက် မှုများ ဖြစ်ပေါ်လာပါက တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်း သတိပေးရေးသားဖော်ပြထားသည်။
ယခု ကြေညာချက်ထုတ်သည့်အချိန်မှ စတင်ပြီး နောက်တစ်ကြိမ် ကြေညာချက် မထုတ်ပြန်ခင်အချိန် အထိ လိုက်နာပေးကြရန်လည်း ပြည်သူများကို သရက်ချောင်းမြို့နယ် ပကဖဘက်က တိုက်တွန်း ဖော်ပြထားသည်။
ပြီးခဲ့သည့် အောက်တိုဘာလကလည်း စစ်ကောင်စီမှ မြို့ကြီးတချို့ကို ချမှတ်ထုတ်ပြန်ထားသည့် ညမ ထွက်ရအမိန့်သတ်မှတ်ချိန်ကို ပြန်လည်လျှော့ချပေးမှုများ ပေးထားသော်လည်း မသင်္ကာသူများကို လိုက်လံ ဖမ်းဆီးစစ်ဆေး ငွေညှစ်တောင်းခံမှုများရှိနေသေးကြောင်း သိရသည်။



















