အောက်တိုဘာလ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်။ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၃) အုပ်ချုပ်နယ်မြေ၊ ကျောက်ကြီးနှင့်နတ်သံကွင်းမြို့ရှိ စစ်ကောင်စီတပ်၏အုပ်ချုပ်မှုယန္တရားများနှင့် ပတ်သက်သည်များကို လုပ်ဆောင်နေသည့် မည်သူမဆို ရပ်စဲရန် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) အမှတ် (၃) တပ်ရင်းက ယမန်နေ့ အောက်တိုဘာလ(၃၀) ရက်နေ့တွင် သတိပေးထုတ်ပြန်လိုက်သည်။
အဆိုပါ မြို့နယ်များတွင် အာဏာသိမ်းစစ်ကောင်စီတပ်၏ အုပ်ချုပ်မှုယန္တရား လည်ပတ်နိုင်ရန် ပူးပေါင်းလုပ်ဆောင်သူများရှိနေသေးသဖြင့် ၎င်းတို့ကို ရပ်စဲရန် ရည်ရွယ်၍ ထုတ်ပြန်ခြင်းဖြစ်သည်ဟု ညောင်လေးပင်ခရိုင် အရေးပေါ်ကူညီကယ်ဆယ်ရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။
၎င်းက”အဲ့ဒီမြို့ထဲမှာ စစ်တပ်ရဲ့ အုပ်ချုပ်မှုယန္တရားလည်ပတ်ဖို့ ပူးပေါင်းလုပ်ဆောင်တဲ့သူတွေ ရှိသေး တယ်။ အဲ့ဒါတွေရပ်စဲဖို့ စာထုတ်ပြန်တာဖြစ်တယ်။ ဒါကသူတို့ရွေးချယ်မှုနဲ့ပဲဆိုင်တယ်။ လိုက်နာ မှုမရှိရင် အရေးယူမှုအပိုင်းက ကေအဲန်ယူရဲ့ လုပ်ထုံးလုပ်နည်းဥပဒေအတိုင်းပဲသွားမယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် အဆိုပါ မြို့နယ်များမှ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ရဲ၊ မီးသတ်၊ အုပ်ချုပ် ရေးမှူး၊ စာရင်းစစ်စသည့်စစ်ကောင်စီ သက်ဆိုးရှည်စေမည့် အုပ်ချုပ်မှုယန္တရားတွင် ပါဝင်ပတ် သက်သူ များအပါအဝင် အခြားဒေသမှ လုပ်ဆောင်နေသူများအနေဖြင့် လုပ်ဆောင်ချက်များအား ရပ်တန့်ရန်နှင့် မိမိတို့သက်ဆိုင်ရာနေရာသို့ ပြန်ကြရန်ကိုလည်း ထည့်သွင်းထုတ်ပြန်ထားသလို လိုက်နာမှုမရှိပါက တာဝန်ယူမည်မဟုတ်ကြောင်းလည်း KNDO က ထည့်သွင်းပြောဆိုထားသည်။

KNDO ၏ အဆိုပါ သတိပေးထုတ်ပြန်ချက်သည် လေးနက်မှုပိုရှိသလို ထုတ်ပြန်ချက်အရ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများအနေဖြင့် စစ်ကောင်စီ၏ အုပ်ချုပ်မှုယန္တရားမှ နုတ်ထွက်ပြီး ဒေသခံ မဟုတ် ပါက နေရပ်သို့ပြန်စေလိုကြောင်း ညောင်လေးပင်ခရိုင်အတွင်းရှိ ဒေသခံများကလည်း ၎င်းတို့၏ သဘောထားကို ပြောပြသည်။
စစ်ကောင်စီက နယ်မြေအုပ်ချုပ်နိုင်မှုယန္တရားသည် ကျောက်ကြီးမြို့အတွင်းအတွင်သာ လည် ပတ်မှုရှိနေပြီး ကျောက်ကြီးမြို့နယ်တစ်ခုလုံးအတိုင်းအတာအနေဖြင့်မှု ပျက်စီးနေပြီဖြစ်ကြောင်းဒေသခံများထံမှ သိရသည်။



















