Home သတင်း အမျိုးသမီးပါဝင်မှု အားနည်းသော်လည်း ဗဟိုအဆင့်ကော်မတီဝင် အမျိုးသမီး(၃)ဦး ‌ရွေးချယ်နိုင်ခဲ့ကြောင်း ABSDF ပြော

အမျိုးသမီးပါဝင်မှု အားနည်းသော်လည်း ဗဟိုအဆင့်ကော်မတီဝင် အမျိုးသမီး(၃)ဦး ‌ရွေးချယ်နိုင်ခဲ့ကြောင်း ABSDF ပြော

446
Photo : ABSDF

နိုဝင်ဘာလ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တွင် အမျိုး သမီးများပါ ဝင်နိုင်မှု အားနည်းသော်လည်း ပြီးခဲ့သည့် နိုဝင်ဘာလ(၁)ရက်မှ (၁၇)ရက်နေ့အထိ ပြုလုပ်ပြီးစီး ခဲ့သော ၎င်းတို့၏ (၁၂)ကြိမ်မြောက် ညီလာခံတွင် အမျိုးသမီး(၃)ဦးအား ဗဟိုကော် မတီဝင်အဖြစ် ရွေးချယ်နိုင်ခဲ့ကြောင်း သိရသည်။

ဝင်ရောက်အရွေးချယ်ခံလာသူ အမျိုးသမီးကိုယ်စားလှယ် (၅)ဦးအနက် ရဲဘော် စုစုထွေး၊ ရဲဘော် ချောဝေဝေလွင်နှင့် ရဲဘော် သီတာခိုင်တို့ (၃)ဦးအား ဗဟိုကော်မတီဝင်အဆင့်အထိ တက်ရောက် လာသော ကော်မတီဝင်များ၏ ရွေးချယ်မှုဖြင့် ခန့်အပ်နိုင်ခဲ့သည်ဟု ABSDF ညီလာခံထုတ်ပြန်ချက်ပါ ပြောခွင့်ရ ရဲဘော်ကျော်ကျော်လင်းက ယခုလိုပြောသည်။

“ကျနော်တို့မှာ အမျိုးသမီးဗဟိုကော်မတီဝင် နှစ်ဦးပါဝင်ရမယ်ဆိုတဲ့လမ်းညွှန်ချက်ရှိပါတယ်။ အရင် တုန်းကလည်း အစဥ်အဆက်မှာ အမျိုးသမီးဗဟိုကော်မတီဝင်အဖြစ် ပါဝင်ခဲ့ကြတာတွေရှိတယ်။ ဒါပေမဲ့လည်း ကျနော်တို့တော်လှန်ရေးလက်နက်ကိုင်ကြားထဲမှာ ကြုံတွေ့ရတဲ့ အခက်အခဲက အမျိူးသမီးတပ်ဖွဲ့ဝင်အင်အားနည်းတာပါ။ ဒီတစ်ခေါက်မှာတော့ ကျနော်တို့ရဲ့ အမျိုးသမီး တပ်ဖွဲ့ဝင်တွေ ပိုပြီးပါလာတဲ့အပေါ်မှာ အမျိုးသမီးကိုယ်စားလှယ်(၅)ဦးထဲက (၃)ဦးကို ဗဟိုကော်မတီအဆင့်ထိ တက်ရောက်လာတဲ့ကော်မတီဝင်တွေက ရွေးချယ်ခန့်အပ်ခဲ့ တာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

တာဝန်ခွဲဝေမှုအနေဖြင့် ညီလာခံအပြီး လာမည့် နိုဝင်ဘာလနောက်ဆုံးအပတ်အတွင်း ပြုလုပ် ကျင်းပမည်ဖြစ်သော ဗဟိုကော်မတီအစည်းအဝေးတွင် ABSDF ၏ ရှေ့လုပ်ငန်းစဥ်များနှင့် ပတ်သက်၍ တာဝန်ခွဲဝေမှုများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ရဲဘော်ကျော်ကျော်လင်းက ဆက်လက်ပြောဆိုသည်။

(၁၉၈၈)ခုနှစ် နိုဝင်ဘာလမှစ၍ ရှစ်လေးလုံးကျောင်းသားမျိုးဆက်အများစုဖြင့် တည်ထောင်ခဲ့သော ABSDF (ကျောင်းသားတပ်မတော်)၏ ညီလာခံကို (၃)နှစ်တစ်ကြိမ်ကျင်းပလာခဲ့ကြခြင်းဖြစ်သလို (၆)ကြိမ်မြောက် ညီလာခံမှသည် ယခုညီလာခံအထိ ခုနှစ်ကြိမ်ကြိမ်တိုင်တိုင် ဥက္ကဋ္ဌအဖြစ် ရဲဘော်သံခဲက ဆက်လက်ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

၎င်းအပြင် ညီလာခံသက်တမ်း ဗဟိုကော်မတီတွင် ဒုတိယ ဥက္ကဌအဖြစ် ရဲဘော် လဆိုင်း၊ အထွေ ထွေအတွင်းရေးမှူးအနေဖြင့် ရဲဘော်ဆန်နီ၊ တွဲဘက်အထွေထွေအတွင်းရေးမှူး-(၁) (၂)အဖြစ် ရဲဘော်ကျော်ကျော်လင်းနှင့် ရဲဘော်လှဌေးတို့က ခန့်အပ်ခြင်းခံခဲ့ရပြီး ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင်(၄)ဦး၊ ဗဟိုကော်မတီနှင့်အရံဗဟိုကော်မတီဝင် စုစုပေါင်း(၁၆)ဦးကို ခန့်ထားရွေးချယ်ခဲ့ကြောင်း ABSDF ၏ ညီလာခံအပြီး ထုတ်ပြန်ချက်အရ သိရသည်။

ဆက်လက်၍ ယခုတစ်ခေါက် ညီလာခံသို့ ABSDF တပ်ရင်း၊ တပ်ဖွဲ့များအပါအဝင် ဥပဒေအရ တက်ရောက်ခွင့်ရှိသူများ၊ လေ့လာသူများ စုစုပေါင်း (၁၀၀)ကျော် တက်ရောက်ခဲ့ကြသလို ၎င်းတို့ချ မှတ်ထားသော စစ်ရေးနှင့်နိုင်ငံရေးရည်မှန်းချက်များနှင့် ညီညွတ်စွာ စစ်အာဏာရှင်အမြစ်ပြတ်ရေး တော်လှန်တိုက်ပွဲဝင်သွားမည်ဖြစ်သည်ဟု ထည့်သွင်းပြောဆိုထားသည်။

“ကျနော်တို့ရဲ့ရှေ့လုပ်ငန်းစဥ်မှာ ချမှတ်ထားပြီးသားပါ။ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့အတူ ဒီမိုကရေစီရရှိသည်အထိ စစ်အာဏာရှင်ချုပ်ငြိမ်းသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားဖို့ ကျနော် တို့ရဲ့ ဦးတည်ချက်(၄)ရပ်နဲ့ပတ်သက်တဲ့ စစ်ရေးလမ်းစဥ်အတိုင်းအင်အားစုတွေနဲ့ လက်တွဲဆောင် ရွက်သွားမှာပါ” ဟု ပြောခွင့်ရ ရဲဘော်ကျော်ကျော်လင်းက ကေအိုင်စီသို့ ပြောသည်။