နိုဝင်ဘာလ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ထိုင်း−မြန်မာနယ်စပ်၊ မဲဆောက်ဒေသရှိ မြန်မာရွှေ့ပြောင်းစာသင်ကျောင်းများစုပေါင်းကာ ယနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာကလေးများနေ့ကို မဲဆောက်မြို့၊ ဆာသူးလေ မြန်မာရွှေ့ပြောင်းအထက် တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပညာရေးကော်မတီ-BMWEC က ဦးဆောင်ကျင်းပသည့် ကမ္ဘာ့ကလေးများနေ့ အခမ်းအနားသို့ ထိုင်း-မြန်မာနယ်စပ် ဒေသအတွင်းရှိ မြန်မာရွှေ့ပြောင်းစာသင်ကျောင်းပေါင်း ၃၀ ကျော်မှ ကျောင်းသူကျောင်းသား စုစုပေါင်း(၁၀၀၀) ခန့် တက်ရောက်ခဲ့ကြသည်ဟု သိရသည်။
ဆာသူးလေအထက်တန်းကျောင်းသားစောရော်ပါမူးက “ဒီနေ့ ကလေးများနေ့မှာ ကလေးတွေ အများကြီး လာ တယ်။ ဒီမှာလာစုပေါင်းပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ကလေးတွေ ကစားကြတယ်။ ကလေးများနေ့ ဖြစ်ပေါ်အောင် လုပ်ပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်တယ်။ ပြည်တွင်းမှာရှိတဲ့ ကလေးတွေအားလုံးကို အားပေးချင် တာပေါ့နော်။ စစ်တပ်ကြောင့်ပြေးနေရပေမဲ့လည်း အားမငယ်နဲ့ ဖိုက်တင်းပါလို့ပြောချင်တယ်။” ဟု ပြောသည်။
ယနေ့ ကမ္ဘာ့ကလေးများနေ့ အခမ်းအနားတွင် စာပေ၊ အနုပညာပြိုင်ပွဲနှင့် ခေတ်ပေါ်အဆိုအကများအပြင် ကရင်ရိုးရာဒုံးအကဖြင့် တက်ရောက်လာသည့် ဧည့်သည်တော်များကို ကလေးငယ်များက ဖျော်ဖြေပေးခဲ့ကြသည်။
နယ်စပ်ဒေသရွှေ့ပြောင်းစာသင်ကျောင်းတွင် စာသင်ကြားရာ၌ အခက်အခဲများရှိနေသလို တိုင်းပြည် အေးချမ်း လျှင် နေရပ်ကို ပြန်ပြီးကျောင်းတက်ရန် မျှော်လင့်ထားသည်ဟု ယနေ့ အခမ်အနားသို့ တက်ရောက် လာသူ အထက်တန်းကျောင်းသားတစ်ဦးကလည်း ယခုလို ပြောသည်။
“ကျနော်တို့ ဒီဘက်ထိုင်းနိုင်ငံမှာလာနေတာကလည်း အားလုံးအဆင်ပြေတာမဟုတ်ဘူး။ ထိုင်းပုလိပ်တွေကိုလည်း ကြောက်ရတယ်။ တော်လှန်ရေး ပြီးရင်တော့ ကိုယ့်အရပ်ဒေသကို အားလုံးပြန်ကြမှာ။ အဲ့ဒါကြောင့်မို့ အား တင်းထားပါ။ ဒီလိုကလေးများနေ့မှာ ကျနော်တောင်းဆိုချင်တာက ကလေးအခွင့်အရေးများများရဖို့ တောင်းဆိုချင်တယ်” ဟု ကေအိုင်စီသို့ပြောသည်။
ကမ္ဘာ့ကလေးများနေ့ကို အပြည်ပြည်ဆိုင်ရာကလေးများနေ့အဖြစ် ၁၉၅၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး နှစ်စဉ်နိုဝင်ဘာလ (၂၀)ရက်နေ့တွင် ကမ္ဘာတစ်ဝှမ်းရှိ ကလေးသူငယ်များအကြား စည်းလုံးညီညွတ်မှု၊ အသိပညာပေးမှုနှင့် ကလေးသူငယ်များသက်သာချောင်ချိရေး တိုးတက်ကောင်းမွန်လာစေရန်အတွက် နှစ်စဉ် ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ နို၀င်ဘာလ ၂၀ ရက်နေ့ကို အစွဲပြုပြီး ၁၉၅၉ ခုနှစ်တွင် ကုလသမဂ္ဂအထွေထွေညီလာခံက ကမ္ဘာ့ကလေးများနေ့အဖြစ် အတည်ပြုသတ်မှတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။